ထောင်ချခံထားရတဲ့ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးနှစ်ယောက် ပြန်လွတ်လာ

မြစ်ကြီးနား- ဧပြီ ၁ – ၂၀၂၄
GG (VOM)
ကချင်ပြည်နယ် အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့နှစ်ယောက်ဟာ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ မြစ်ကြီးနား အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ်။
” ပြန်လွတ်လာတာဟုတ်တယ်လို့ အတည်ပြုချက်ရပါပြီ၊ ဝန်ကြီး နှစ်​ယောက် လုံးပြန်လွှတ်တာပါ၊ အခုသိရတာတော့ လျှော့ရက်တွေနံ လွတ်ရက်စေ့လို့လွတ်တဲ့သဘောပါ ၊ ဝန်ကြီးနဲ့တော့ခုထိမတွေ့ရသေးဘူး၊ အိမ်ကိုတော့ပြန်ရောက်ပြီးပြောတယ် ” လို့ ကချင်ပြည်နယ် NLD ပါတီဝင် တယောက်ကပြောပါတယ်။
ဝန်ကြီး ဦးနော်လီနဲ့ ဦးဝင်းညွန့်တို့ဟာ နစက တာဝန်စယူတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ မှာပဲ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ ဝန်ကြီးနှစ်ယောက်လုံးကို ကချင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် ၃ နှစ်နဲ့ အလုပ်ကြမ်း ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ ဝန်ကြီးနှစ်ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အဲဒီအမှုနဲ့ပဲထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အဓိကတရားစွဲရတဲ့အကြောင်းက ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ ဟာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့လို့ နိုင်ငံရဲ ငွေကြေးထိခိုက်နစ်နာ ဆုံးရှုံးရတာကြောင့်ဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကအသိပေးခဲ့ပါတယ်။
အလားတူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်ကလည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလလျာထားချက်မှာ ပါရှိခြင်းမရှိတဲ့ မြစ်ကြီးနား- ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၃ မိုင်လုပ်ငန်းကို သမ္မတရုံးရဲ့ ညွှန်ကြား ချက်အမှတ် ၁/၂၀၁၇ နဲအညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်ကို အပ်နှံရမယ့် ငွေကျပ်သန်း ၁၁၀၀၇ ဒဿမ ၀၀၉ (ကျပ်သိန်းပေါင်း တသိန်းကျော်) နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ QC အဖွဲ့ရဲ့ စစ်ဆေးချက်အရ လမ်းအရည် အသွေးမပြည့်မီတဲ့အတွက် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ် စည်းကမ်းနဲ့အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးကို နစ်နာဆုံးရှုံး စေခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် ဦးဝင်းညွန့်ဟာ ဝိုင်းမော်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ဖို့ ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကျပ်သိန်း ၂၀၀ နဲ့ နေပြည်တော် NLDပါတီ သုတေသနရုံးအတွက် လိုအပ်တဲ့ ပစ္စည်းဝယ်ယူဖို့ဆိုပြီး ငွေကျပ် သိန်း ၂၅၀ တို့ကို တောင်းခံရယူခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ ဝန်ကြီးနှစ်ယောက်နဲ့အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်း၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်း၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေး ဝန်ကြီး ဦးနေဝင်း တို့လည်း ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။
ကချင်ပြည်နယ်က NLD ပါတီဝင် လွတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး ထောင်ချခံထားရသူတွေရှိနေပါတယ်။
Photo Crd: TT

Related posts

Leave a Comment

VOM News

FREE
VIEW