နိုင်ငံရေး အကျဥ်းသား သေဆုံးမှု အဖြစ်များလာ

ဧပြီ ၊ ၁ ၊ ၂၀၂၄
SP ( VOM)

ဒီနှစ်ဆန်း ၃လ အတွင်း နိုင်ငံရေးအကျဥ်းသား နိုင် / ကျဥ်း သေဆုံးမှုဖြစ်စဥ် အရေအတွက် မြင့်တက်လာနေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

“နိုင်/ ကျဥ်း သေဆုံးမှုဖြစ်စဥ်တွေက မုံရွာ ၊ ထားဝယ်နဲ့ ပဲခူး ဘက်တွေမှာ ဖြစ်တယ် ၊ သေဆုံးရတဲ့ အကြောင်းကတော့ အမှုနဲ့ ပတ်သက်ပြီး သက်သေခံ ပစ္စည်း လိုက်လံပြသပေးရာကနေ ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ရာကနေ သေဆုံးတာလို့ အာဏာပိုင်တွေက ဆိုကြတယ် ” လို့ နိုင်ငံရေးအကျဥ်းသားေဟာင်း တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက်က ၊ စစ်ကိုင်းတိုင်း ၊ မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀ ကျော် ကျခံနေရတဲ့ ကိုအောင်ကျော်ဇင် ၂၉ နှစ် ဆိုသူဟာ မုံရွာထောင် ၊ ထောင်းတွင်း ဆူပူအကြမ်းဖက်မှုတွေ ဦးဆောင်ခဲ့သူလို့ စွပ်စွဲခံရပြီး ၊ အဲ့ဒီ အမှုကိစ္စအတွက် မုံရွာအကျဥ်းထောင်ကနေ ၊ မုံရွာမြို့မရဲစခန်းကို လွဲပြောင်းလိုက်ပါတယ်။

အဲ့ဒီနောက် သူ့ရဲ့အမှုကို စစ်ဆေးဖို့ မုံရွာမြို့တော်ခန်းမမှာရှိတဲ့ အဖွဲ့စုံ ပူးပေါင်း စစ်ဆေးရေး ယာယီဌာနကို ၊ ကိုအောင်ကျော်ဇင် လွဲပြောင်းပေးခဲ့ပြီးနောက် ၊ နောက်တနေ့ မတ် ၂၉ ရက်မှာ သေဆုံးသွားတယ်လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်လာပါတယ်။

အဲ့ဒီအပြင် သူနဲ့အတူ မုံရွာ အကျဥ်းထောင်ကနေ အဖွဲ့စုံ စစ်ဆေးရေးယာယီဌာနကို လွဲပြောင်းပေးခြင်းခံရတဲ့ ချောင်းဦး ၂၀၂၁ သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ခေါ် ကိုမိုးသီးဇွန်ဆိုသူလည်း အပြင်း အထန် ဒဏ်ရာရထားတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ၊ တနင်္သါရီတိုင်း ၊ ထားဝယ်မြို့ ၊ ထားဝယ် အကျဥ်းထောင်မှာ နိုင်ငံရေးမှုနဲ့ အကျဥ်းကျခံနေရတဲ့ ကိုဝင်းသီဟ အသက် ၃၅ နှစ်ဟာလည်း အကြမ်းဖက်မှု အမှုကိစ္စနဲ့ ပတ်သက်ပြီး သက်သေခံ ပစ္စည်းလိုက်ပြနေရာကနေ ထွက်ပြေးတယ်ဆိုကာ ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ရန်ကုန် – မော်လမြိုင်ကားလမ်း ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနိုဘယ်အေးဟာလည်း ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ဝေါမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီး ပြန်အလာ လမ်းမှာ ထွက်ပြေးတယ်လို့ စွပ်စွဲချက်နဲ့ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေ အပြောအရ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဥ်မှာ မနိုဘယ်အေးနဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုအောင်ကိုဟိန်း ခေါ် လေးခွင် ဆိုသူဟာ ပစ်သတ်ခံရတဲ့နေရာမှာတင်သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ က တနင်္သါရီတိုင်း ၊ ထားဝယ် အကျဥ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် ၉ နှစ်ကျခံနေရတဲ့ ကိုနိုင်ဦး ခေါ် ကိုမောင်နိုင် ၅၀ နှစ်ဆိုသူဟာ အကျဥ်းထောင်အိပ်ဆောင်အတွင်း ကျားထိုးတန်း ကစားနေစဥ် လူသတ်မှုနဲ့ အကျဥ်းကျနေတဲ့ အကျဥ်းတယောက်က သံချွန်နဲ့ ထိုးသတ်တာကြောင့် သေဆုံးတာဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ မှာ အကျဥ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဥ်းသား တချို့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေနဲ့ နောက်မှုကပ် ရုံးထုတ်စစ်ဆေးခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဥ်းသား ကူညီစောင့်ရှောင့်ရှောက်ရေး AAPP အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ဒီနှစ် မတ် ၂၉ ရက်အထိ နိုင်ငံရေးမှုနဲ့ ဖမ်းဆီးထိမ်းသိမ်းခံရသူ ၂၀၂၉၀ ယောက်ရှိခဲ့ပြီး အဲ့ဒီထဲကနေ လူပေါင်း ကိုးထောင်နီးပါး ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ နိုင်/ကျဥ်း မနိုဘယ်အေး ၊ ကိုဝင်းသီဟ ၊ ကိုအောင်ကျော်ဇင်

Related posts

Leave a Comment

VOM News

FREE
VIEW