ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးသွင်းသူ စံချိန်တင်မြင့်တက်

ဧပြီ ၂ – ၂၀၂၄
SN (VOM)

ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အခု ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုဖို့ စာရင်းပေးသွင်းသူ အရေအတွက်ဟာ တသိန်းကျော်အထိ ရှိလာပြီး စံချိန်တင် မြင့်တက်လာတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကနေ သိရပါတယ်။

အရင်နှစ်တွေက တနှစ်ကို သုံးသောင်းကျော်လောက်သာ ဝင်ရောက် ဖြေဆိုခဲ့ကြတာဖြစ်ပြီး အခုနှစ်မှာတော့ လူဦးရေ တသိန်းကျော်အထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်မှာတော့ အံ့ဩဖွယ် ကောင်းလောက်အောင်ကို လူဦးရေက စံချိန်တင် များလာတယ်။ တခါမှ အခုလောက် မများဖူးဘူး။ မိန်းကလေးတွေ ခေါ်လိုက်တာကြောင့်လည်း လူပိုများလာတယ်လို့ ထင်ပါတယ်။ စာမေးပွဲမှတ်ပုံတင်ကြေးကို မတ်လ ၁၉ ရက်နေ့ကစပြီး ပေးသွင်းခွင့်ပြုလိုက်တာပါ။ စပြီး ခွင့်ပြုပေးလိုက်တဲ့ နေ့ကတည်းက မှတ်ပုံတင်ကြေး ပေးသွင်းတဲ့သူ အရမ်းများလို့ ည ၈ နာရီလောက်အထိ လက်ခံ ဆောင်ရွက်ပေးခဲ့ရတာတွေလည်း ရှိတယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စာမေးပွဲမှတ်ပုံတင်ကြေးကို မတ်လ ၁၉ ရက်ကနေ ဧပြီ ၅ ရက်အထိ ပေးသွင်းရမှာဖြစ်ပြီး တရက်ကို လူဦးရေ ၆၅ဝဝ လက်ခံ ဆောင်ရွက်ပေးလျက်ရှိကာ Payment နံပါတ်အလိုက် ငွေပေးသွင်းရမယ့် ရက်တွေကို POEA က ကြေညာထားပါတယ်။

“စာမေးပွဲ မှတ်ပုံတင်ကြေး စပေးရတဲ့ နေ့ကတည်းက မြောက်ဒဂုံ ပင်လုံခန်းမရှေ့မှာ တန်းစီစောင့်ဆိုင်းသူတွေ အများကြီးပဲ။ ပြီးခဲ့တဲ့လကဆို ညနေ ၄ နာရီလောက်ကနေ နောက်နေ့အထိ မပြန်ဘဲ တန်းစီနေတဲ့သူတွေတောင် ရှိတယ်။ လုံခြုံရေးက ပြန်ကြဖို့ လိုက်အော်လို့သာ ခုနောက်ပိုင်း မရှိတော့တာ။ မနက်အစောပိုင်း ၄ နာရီလောက်ကနေ တန်းစီလို့ရတယ်” လို့ ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။

ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်မယ့်သူတွေအတွက် အသက်အရွယ် အပိုင်းအခြားကို ၁၈ နှစ် ကနေ ၃၉ နှစ်အထိ သတ်မှတ်ထားပြီး လက်ရှိမှာ ဝင်ရောက် ဖြေဆိုမယ့်သူ ပိုများလာတဲ့အတွက် အမှတ်ပေးစနစ်လည်း အရင်နှစ်တွေကထက် ပိုမြင့်လာတယ်လို့ POEA က သိရပါတယ်။

Skill Test အတွက် အရပ်တိုင်း၊ ပေါင်ချိန်၊ colour blind စစ်ရုံတင်မကဘဲ အင်တာဗျူးကျွမ်းကျင်မှုကိုပါ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲမှာ ရေးဖြေနဲ့ လူတွေ့၊ စုစုပေါင်း နှစ်ဆင့် ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် EPS-TOPIK မှတ်ပုံတင်ကြေးမှာလည်း ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲကြောင့် တိုးမြင့်သွားပြီး အရင်က စာမေးပွဲမှတ်ပုံတင်ကြေး အနေနဲ့ တဦးကို ၂၈ ဒေါ်လာ သတ်မှတ်ထားပြီး အဲ့ဒီ့ပမာဏနဲ့ညီမျှတဲ့ ကျပ်ငွေနဲ့လည်း လက်ခံပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ မှတ်ပုံတင်ကြေးကို အရင်က တဒေါ်လာကို ၃၈၀၀ ကျပ်နှုန်းနဲ့ တွက်ရာကနေ ဒီရက်ပိုင်းထဲ တဒေါ်လာ ၃၉၀၀ ကျပ်နှုန်း ပြောင်းလဲသွားတာကြောင့် ကျပ်ငွေနဲ့ ပေးသွင်းရတဲ့ငွေပမာဏ သုံးထောင်ဝန်းကျင်လောက် တိုးသွားတာဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲကိုတော့ အခု ဧပြီလ ၂၄ ရက်ကနေ လာမယ့် မေလ ၁ဝ ရက်အထိ တကြိမ်၊ မေလ ၂ဝ ရက်ကနေ ဇူလိုင်လ ၂၆ ရက်အထိ တကြိမ် နှစ်သုတ်ခွဲ ကျင်းပမှာဖြစ်ပြီး အောင်စာရင်းတွေကို မေလ ၁၇ ရက်ကနေ ဩဂုတ်လ ၅ ရက်အတွင်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အခုနှစ်မှာတော့ ကိုရီးယားနိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေအပြင် အမျိုးသမီးတွေပါ လုပ်ကိုင်ခွင့်ရမယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုပါ ခေါ်ယူထားပြီး စုစုပေါင်းလုပ်သား တသောင်းတထောင်လောက် စေလွှတ်သွားဖိုရှိတယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ခေါ်ယူမယ့် လုပ်သားဦးရေမှာ ကုန်ထုတ် ၉၆၁၇ ယောက်၊ စိုက်/မွေး ၂၃၃ ယောက်၊ ဆောက်လုပ်ရေး ၁၈၂ ယောက်၊ ဝန်ဆောင်မူ (၁) အယောက် ၇၀ ၊ ဝန်ဆောင်မှု (၂) ၃၃၀၆ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

မှတ်တမ်းတွေအရ လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ခုနစ်သောင်းကျော် ရောက်ရှိ အလုပ် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

Photo – Myanmar Embassy, Seoul

Related posts

Leave a Comment

VOM News

FREE
VIEW