ကနီမြို့နယ်မှာ တိုက်ပွဲရှောင်ရတာ ရက်ကြာလာလို့. တိုက်ပွဲရှောင်တွေ စားဝတ်နေရေး အခက်ကြုံလာနေ

မတ် ၊ ၃ ၊ ၂၀၂၄
SP ( VOM)

 

 

ပြီးခဲ့တဲ့ မတ် ၂ ရက်ကစလို့ ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ကနီမြို့နယ်မှာ နစက လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ဆယ်ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်နေတဲ့အတွက် တိုက်ပွဲရှောင်တွေဟာ အခုထိ နေရပ်မပြန်နိုင်ရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

 

 

” ကနီမြို့ပေါ်မှာ တိုက်ပွဲက ပြီးပြီ ၊ နောက်ဆက်တွဲ နယ်မြေရှင်းလင်းတာတွေ ဆက်ပြီးလုပ်နေတယ် ၊ အဲ့ဒါကြောင့် နေရပ်မပြန်နိုင်သေးဘူး ၊ နီးစပ်ရာတောတောင်တွေထဲမှာ တိုက်ပွဲရှောင်နေရတယ် ၊ ဒီကနေ့ဆို တလပြည့်ပြီ ၊ ကနီနယ်ကို နှစ်ဘက်စလုံးက လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတယ် ၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ ပြတ်သလောက်ဖြစ်နေတယ် ၊ အရောင်းအဝယ်အားလုံး ရပ်ဆိုင်းနေတယ် ၊ တိုက်ပွဲရှောင်စဥ်က ပါလာတဲ့ ရိက္ခာတွေကုန်တာ ကြာပြီ ၊ အဲ့ဒါကြောင့် အများစုက ဟင်းရွက်နဲ့ ဆန်ပြုတ်စားနေရတယ် ” လို့ တိုက်ပွဲရှောင်တယောက်က ပြောပါတယ်။

 

 

အဲ့ဒီလို တိုက်ပွဲရှောင်နေရတဲ့ သူတွေကတော့ ကနီမြို့ပေါ်က ရပ်ကွက် ၁ နဲ့ ၃ က ဒေသခံတွေနဲ့ မြို့နယ်ရဲ့ တောင်ဘက်ပိုင်း မုံရွာ ၊ ယာကြီး ၊ ချောင်းမ လမ်းကရွာတွေဖြစ်တဲ့ တန့်ဆည်ချောင် ၊ သင်းဝံ ၊ မင်းမ ၊ ငါးဖြတ် ၊ မုဋော ၊ သမင်ခြံ ၊ ညောင်ပင်ဝန်း စတဲ့ ကျေးရွာဘက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ အခုထိ နေရပ်မပြန်နိုင်သေးတာလို့ သိရပါတယ်။

 

 

” နစက လုံခြုံရေး အဖွဲ့တွေက နေရပ် ပြန်လာကြဖို့ ခေါ်တယ် ၊ ဒါပေမယ့် ကနီနယ်မှာ နေထိုင်ကြောင်း အထောက်အထားပြနိုင်ရမယ်ဆိုတော့ ၊ နေထိုင်ကြောင်း စာရွက်စာတမ်း အထောက်ထားတွေက တိုက်ပွဲအတွင်း မီးထဲပါသွားတဲ့သူတွေများတယ် ၊ အဲ့ဒါကြောင့် အခုထိ နေရပ်မပြန်နိုင်ကြတာဖြစ်တယ် ” လို့ မုံရွာနယ်ရောက် ကနီတိုက်ပွဲရှောင်တယောက်က ပြောပါတယ်။

 

 

ဒါ့အပြင် ကနီနယ်က ယာယီတိုက်ပွဲရှောင်သူတွေဟာ တိုက်ပွဲရှောင်နေရတဲ့ရက် ကြာရှည်လာတာနဲ့အမျှ စားဝတ်နေရေးတွေ ခက်ခဲလာပြီး အကူညီတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

 

 

ဒီရက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲရှောင်နေရတဲ့ ဒေသတွေကတော့ ကောလင်း ၊ ပင်လည်ဘူး ၊ ထီးချိုင့် ၊ ကနီ ၊ ကလေး ၊ တန့်ဆည်နယ်ဘက်တွေနဲ့ ဒီပဲယင်းနယ်ထဲက ကျေးရွာတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

 

 

မြန်မာ့နိုင်ငံရေး လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ဒီနှစ် ပြီးခဲ့တဲ့ သုံးလအတွင်းမှာ စစ်ကိုင်းတိုင်းထဲမှာ ယာယီတိုက်ပွဲရှောင် ဦးရေ တသောင်းေကျာ်ရှိတယ်လို့ ခန့်မှန်းထုတ်ပြန်ထားတာေတွ့ရပါတယ်။

 

 

ဓာတ်ပုံ ၊ စစ်ကိုင်းတိုင်းက ယာယီတိုက်ပွဲရှောင် တနေရာ ( ဒေသခံ တဦး)

#voiceofmyanmar #vom #ကနီမြို့နယ် #တိုက်ပွဲရှောင်တွေအခက်ခဲဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW