ဒီရက်ပိုင်းအတွင်း လူအသတ်ခံရမှုဖြစ်စဥ်တွေဟာ စားသောက်ဆိုင်တွေမှာ အဖြစ်များ

ဧပြီ ၊ ၃ ၊ ၂၀၂၄
SP (VOM)

ခုရက်ပိုင်း စားသောက်ဆိုင်တွေထဲမှာ ပစ်ခတ်ခံရလို့ စားသောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ အပါအဝင် လူတချို့ ထိခိုက်သေဆုံးရတဲ့အပြင် တချို့လည်း ဒဏ်ရာရတာတွေ ဖြစ်တယ်လို့ ဖြစ်စဥ်ဖြစ်တဲ့ဒေသတွေက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက ပစ်ခတ်ခံရမှုအကြောင်း နယ်မြေခံ တာဝန်ရှိသူ တယောက်က
” မနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ ငွေတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အဆင်းလမ်းမိုင်တိုင်အမှတ် ၁၀/၁ နဲ့ ၁၀/၂ ကြားမှာရှိတဲ့ အောင်ကောင်းမိုး လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်တယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့လာပြီး လက်ရည်ဆိုင်ထဲကို ဝင်ပစ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လက်ဘက်ရည်သောက်နေတဲ့ မြို့တော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်း ၅၁ နှစ်ဆိုသူရဲ့ ဦးခေါင်းပိုင်းကို ကျည်ထိမှန်သွားတယ် ၊ သေလား ၊ ရှင်လား အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှာရှိတဲ့ Style လက်ဘက်ဆိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်မှာ လက်ရည်ဆိုင်မှာ စားသောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်ခတ်ခံရတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

” ရဲတပ်ကြပ် အောင်ဖြိုးမင်း ၊ ရဲတပ်သားဆန်းနိုင်နဲ့ National Democrectic Army (NDA) ငြိမ်းချမ်းရေးအဖွဲ့ရဲ့ စီးပွား / စီမံ အဖွဲ့ဝင် စောသန့်ဇင်ဦး ဆိုသူ သုံးယောက် ထိခိုက်သေဆုံးတယ်လို့ ကနဦးသိရတယ် ၊ အချက်အလက်တော့ အပြည့်စုံ မသိရသေးဘူး ” လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ Shwebo Crocodile PDF အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၊ သေဆုံးသူတွေဆီက ပစ္စတိုသေနတ် တလက်အပါအဝင် စီစစ်ရေး ကဒ်ပြားတချို့ ယူဆောင် သိမ်းဆည်းလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၅ ရက် ၊ နေ့လယ်ပိုင်းက မွန်ပြည်နယ် ၊ ကျိုက်ထို​မြို့နယ်၊ ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်း ဆရာတော် သက်တော် ၄၇ နှစ်၊ ဝါတော်(၁၈)ဝါရှိ ဘုန်းကြီး ဉူးစန္ဒိမာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီဝန်းကျင်က မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ၄၂ နှစ်ဆိုသူဟာ ရတနာ (၂) စားသောက်ဆိုင်ထဲမှာ ပစ်သတ်ခံရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင် ကလည်း တောင်တွင်းကြီးမြို့ ၊ ရခိုင်ဘုရားဝန်းနားက ထမင်းဆိုင်မှာ ထမင်းစားနေတဲ့ ပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် လူ သုံးယောက် ပစ်သတ်ခံရပြီး ၊ အဲ့ဒီ အပြင် နတ်မောက်မြို့နယ် ၊ ကုလားရှင်စံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ဆိုသူလည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၂ ရက် ၊ ညနေ ၄ နာရီခွဲဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့နယ် ၊ လောင်ငေါက်ကျေးရွာ အဝင်မှာရှိတဲ့ ဆုံဆည်းရာ စာသောက်ဆိုင်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် အမျိုးသား ရုပ်အလောင်း တလောင်း ၊ အမ်အေ-၅ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉မမ ကျည် ၄ တောင့်၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ငွေ ၇၀၀၀၀ ကျပ်တို့ကို နစက လုံခြုံရေး အဖွဲ့တွေက သိမ်းဆည်းရမိတယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

ဓာတ်ပုံ ၊ ရွှေဘိုက လက်ဘက်ရည်ဆိုင် ပစ်ခတ်မှုဖြစ်စဥ်က သက်သေခံ ပစ္စည်းတချို့ မြင်ရပုံ

Related posts

Leave a Comment

VOM News

FREE
VIEW