မူဆယ်မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး အွန်လိုင်းငွေလိမ်တဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင် ၂၁ ဦး အပါအဝင် အွန်လိုင်း ငွေလိမ် သံသယ ရှိသူ ၈၀၇ ဦးဖမ်းဆီး

ဧပြီ ၃၊ ၂၀၂၄
ShyV(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး အွန်လိုင်းမှာငွေလိမ်ပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင် ၂၁ ဦး အပါအဝင် အွန်လိုင်း ငွေလိမ် သံသယ ရှိသူ ၈၀၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၅၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း CCTV သတင်းနဲ့ MOI (ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဝန်းကြီး ဌာန) ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
မူဆယ်မှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့တို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှု ဂိုဏ်းတွေက ဖြိုခွင်းမှု ပြုလုပ်ခဲ့ပြီး အွန်လိုင်းငွေလိမ်မှု ကျူးလွန် သံသယရှိသူ ၈၀၇ ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ် CCTV မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ အွန်လိုင်းငွေလိမ်မှု ကျူးလွန် သံသယရှိသူ ၈၀၇ ဦးထဲမှာ မြန်မာနိုင်ငံသား သံသယရှိသူ ၄၅၅ ဦးနဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးတို့ ပါဝင်ပြီး တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာဘက်မှ သံသယရှိသူများကို မြန်မာဘက်က အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုကျူးလွန်သူတွေကို ပူးပေါင်းဖြိုခွင်းနေပြီး တရုတ်နိုင်ငံသား သံသယရှိသူ ၄၈,၀၀၀ ကို လွှဲပြောင်းပေးခဲ့ကြောင်း နဲ့ လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ဒေသမှာ အွန်လိုင်းငွေလိမ်လည်မှု ကျူးလွန်နေဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
“ကျားဖြန့် (အွန်လိုင်းငွေလိမ်) အရမ်းဖမ်းလို့ အလုပ်ခဏ နားထားတယ်။ နည်းနည်းငြိမ်ရင် ကုမ္ပဏီ ပြန်ဖွင့်မယ်ပြောတယ်။ အလုပ်ပြန်ဖွင့်ရင် အလုပ်ပြန်ဝင်ဖို့ စောင့်နေတယ်။ တစ်လလောက်တော့ ကြာမယ်ထင်တယ်” လို့ အွန်လိုင်းငွေလိမ် ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်သူ တဦးက ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်လည်မှုမှာ အသုံးပြုတဲ့ သက်ဆိုင်ရာ မှုခင်းကိရိယာများကိုလည်း တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ နောက်ကွယ်ကနေ ကြိုးကိုင်၊ ငွေကြေးထောက်ပံ့နေတဲ့ ငွေလိမ် ခေါင်းဆောင် ၂၁ ဦး ပါဝင်ပြီး ၎င်းတို့နဲ့ ဆက်စပ်တဲ့ သံသယရှိသူ ၅၁ ဦး၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ လိမ်လည်မှု script တွေနဲ့ တခြား ဆက်စပ် ကိရိယာ အများအပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ပါရှိပါတယ်။
လက်ရှိမှ တရုတ်နိုင်ငံက သံသယရှိသူတွေနဲ့ ဆက်စပ်ပစ္စည်းတွေအားလုံးကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးထားပြီး တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဟာ Anhui၊ Jiangsu နဲ့ အခြားနေရာတွေမှာ သံသယရှိသတွေကို စစ်ဆေးနေတယ်လို့ဆိုပါတယ်။
အွန်လိုင်း လိမ်လည်မှု လုပ်ငန်း တိုက်ဖျက်ရေး မြန်မာ – တရုတ် နှစ်နိုင်ငံ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကစ ၃၁ ရက်နေ့အထိ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သံသယရှိသူ တရုတ်နိုင်ငံသား အမျိုးသား ၃၃၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၅၂ နဲ့ မြန်မာ နိုင်ငံသား ၄၈၆ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ MOI က သတင်းထုတ်ထားပါတယ်။
“ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ည ကတည်းက မူဆယ်မှာ ငွေလိမ်ကုမ္ပဏီတွေထဲ ဝင်ပြီး လိုက်ဖမ်းနေတာ။ တမြို့လုံးပါပဲ။ အဲမှာ လုပ်နေတဲ့ လူတွေ အများကြီး ထွက်ပြေးနေကြတာ။ တချို့က တခြားနေရာတွေမှာ သွားပုန်းနေကြတာ။ တရုတ်နိုင်ငံသားတွေကို မန့်ဝိန်းဂိတ်ကနေ ပို့တယ်။ အများကြီးပဲ။” မူဆယ် ဒေသခံ တဦးကလည်း ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးထဲက ၃၀၀ ဦးကို မတ်လ ၂၉ ရက်နေ့က၊ မတ်လ ၃၀ ဦးကို မတ်လ ၃၀ ရက်နေ့က နဲ့ ၂၂ ဦးကို မတ်လ ၃၁ ရက်နေ့က စသဖြင့် မူဆယ်မြို့၊ မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
နယ်စပ်ဒေသတွေမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တားဆီးတိုက်ဖျက်ဖို့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
Photo Crd# MOI

Related posts

Leave a Comment

VOM News

FREE
VIEW