နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွား

နေပြည်တော်၊ ဧပြီ-၄-၂၀၂၄
မျိုးဆက်(VOM)
နေပြည်တော် လေယာဉ်ကွင်း(အေလာ) ကို ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ ဒီနေ့ ဧပြီ ၄ ရက်မနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရကြောင်း NUG နဲ့ ပြည်တွင်း သတင်းဌာနတွေကို ကိုးကားပြီး ရိုက်တာက ရေးသားဖော်ပြထားပါတယ်။
နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွား
ဖြစ်စဉ်နဲ့ပတ်သက်ပြီး နစကဘက်ကလည်း နောက်ပိုင်းမှာသတင်းထုတ်ပြန်လာခဲ့ပြီး ဧပြီ ၄ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ နေပြည်တော်လေဆိပ် အရှေ့ဘက်ကနေ ဒရုန်းလေးစင်းပျံသန်;လာခဲ့တာကို လေဆိပ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ နေပြည်တော် ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်ကနေလည်း ဒရုန်းသုံးစင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ဒီဖြစ်စဉ်တွေမှာ လူ၊ အဆောက်အအုံ ထိခိုက်မရှိကြောင်း နစကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကတော့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ်စခန်းကို ဒရုန်းတွေနဲ့ တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း ကနဦးသတင်းရရှိတယ်လို့ ထုတ်ပြန်လာပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Lethal Prop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဒရုန်းနဲ့ လက်နက်တွေဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ ဖြစ်စဉ်ကြောင့် ဒီတိုက်ခိုက်မှုဟာ နိုင်ငံတဝန်းမှာ တိုက်ပွဲတွေနဲ့ရင်ဆိုင်နေရတဲ့ နစကစစ်တပ်အတွက် ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ ထိုးနှက်ချက်လည်းဖြစ်ပါတယ်။
Ref:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW