မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် သေဆုံးသူ သုံးဆနီးပါးထိ မြင့်တက်လာ

ဝါရှင်တန်၊ ဧပြီ-၄-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် အရပ်သား ၁၀၅၂ ယောက် သေဆုံးခဲ့တယ်လို့ ယူနီဆက်ဖ်က ဧပြီ ၃ ရက်က ထုတ်ပြန်ပါတယ်။

နေပြည်တော်ကလွဲပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးနီးပါးမှာ မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အန္တရာယ်ဟာ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ ယူနီဆက်ဖ်က သတိပေးထားပါတယ်။

ယူနီဆက်ဖ်ဟာ မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုဖြစ်စဉ် ၃၉၀ ကိုမှတ်တမ်းတင်ထားခဲ့ပြီး သေဆုံးမှုအရေအတွက်ဟာ ၂၀၂၂ ခုနှစ်ကထက် သုံးဆနီးပါးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်တယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။ “ မြေမြုပ်မိုင်း အသုံးပြုတာဟာ ပြစ်တင်ရှုတ်ချစရာဖြစ်တဲ့အပြင် နိုင်ငံတကာ လူသားချင်းစာနာမဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပါတယ်” လို့ ယူနီဆက်ဖ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး ဒီဘိုရာကိုမီနီက ပြောပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ အရပ်သားတွေ အထူးသဖြင့် ကလေးငယ်တွေ ဘေးကင်းလုံခြုံရေးကို ဦးစားပေးဖို့နဲ့ ခွဲခြားမရှိ ထိခိုက်စေတဲ့လက်နက်တွေ အသုံးပြုတာကို ချက်ချင်းရပ်တန့်ဖို့ လိုပါတယ် “ လို့သူကတိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအသုံးပြုမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂ ဒသမ ၈ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

Ref:Anadolu
Photo: Anadolu

Related posts

Leave a Comment

VOM News

FREE
VIEW