အတင်းအဖျင်းတွေနဲ့ လူကြိုက်များအောင်လုပ်တဲ့ မီဒီယာအရေခြုံလုပ်စားများ

 

 

ဧပြီ-၁၃-၂၀၂၄

SN (VOM)

 

မီဒီယာဆိုတာ သတင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ ကြော်ငြာနဲ့ အချက်အလက်တွေကို စနစ်တကျ စုဆောင်းဖြန့်ဝေပြီး လူအများကြားမှာ အရေးကြီးတဲ့  ဆက်သွယ်ရေးလမ်းကြောင်းကို ပေးတဲ့ ကြားခံနယ် တခုဖြစ်ပါတယ်။

 

ယေဘူယျအားဖြင့် မီဒီယာ အမျိုးအစားတွေကို ကြော်ငြာမီဒီယာ၊ ရုပ်သံမီဒီယာ၊ ဒီဂျစ်တယ်မီဒီယာ၊ အီလက်ထရောနစ်မီဒီယာ၊ အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ သတင်းမီဒီယာ၊ ဟိုက်ပါမီဒီယာ၊ မာ(လ်)တီမီဒီယာ၊ လူမှုဆက်ဆံရေးမီဒီယာ စသဖြင့် မီဒီယာ အမျိုးအစားတွေ ခွဲခြား သတ်မှတ်နိုင်ပါတယ်။ အဲ့ဒီ့ နည်းပညာတွေအပေါ် မူတည်ပြီး သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ဆက်သွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

 

မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပါတယ်။ မီဒီယာဆိုတာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်ကြီး သုံးခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးတဲ့ မဏ္ဍိုင်တခုဖြစ်သလို ပြည်သူနဲ့အစိုးရကြား ပေါင်းကူး ဆက်သွယ်ပေးတဲ့ ကြားခံနယ်တခု ဖြစ်ပါတယ်။

 

နိုင်ငံတနိုင်ငံကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ တည်ဆောက် ထားကြရပါတယ်။ အဲ့ဒီ့ မဏ္ဍိုင်သုံးရပ် တည့်မတ်မှန်ကန်စွာ လည်ပတ်နိုင်ရေးအတွက် စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုတဲ့ မီဒီယာက ထိန်းကျောင်း ထောက်ကူပေးရပါတယ်။ စတုတ္ထမဏ္ဍိုင်ဟာ နိုင်ငံရဲ့ ပကတိ ဖြစ်ပေါ်  တိုးတက်မှုတွေကို ပဉ္စမမဏ္ဍိုင်လို့ ခေါ်ဆိုတဲ့ ပြည်သူလူထုကို မှန်မှန်ကန်ကန် အသိပေးရကြရပါတယ်။

 

ဒီနေ့ခေတ်မှာတော့ တချို့သော အမည်ခံ သတင်းမီဒီယာတွေဟာ မီ‌ဒီယာရဲ့ သဘောတရား၊ တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု စတဲ့ မီဒီယာကျင့်ဝတ်တွေကို လိုက်နာမှုမရှိဘဲ ကျင့်ဝတ်နဲ့ မညီညွတ်စွာ သတင်းတွေ ဖော်ပြနေတာကို တွေ့ရှိရပါတယ်။

 

ဒီထဲကမှ ဆယ်လီသတင်းလို့ နာမည်ခံပြီး ဆယ်လီစစ်စစ်မဟုတ်ဘဲ လူမှုကွန်ယက်ပေါ် နာမည်ကြီးရုံနဲ့ တွေ့ကရာလူမိုက်ထိုး၊ ပေါက်တက်ကရတွေမေးပြီး သတင်းလုပ်နေတဲ့ အမည်ခံ သတင်းမီဒီယာတွေ ရှိနေပါတယ်။

 

ပြည်သူအတွက် တကယ်အကျိုးရှိမယ့် သတင်း၊ သုတ၊ ရသတွေ ပေးနိုင်မယ့် သတင်းတွေ ရေးသားဖော်ပြ၊ ရိုက်ကူး ထုတ်လွှင့်တာထက် အညှီအဟောက်သတင်းတွေ၊ အတင်းအဖျင်းသတင်း၊ တကယ့် အနုပညာရှင်စစ်စစ်မဟုတ်ဘဲ လူမှုကွန်ယက်မှာ ဟာသလုပ်၊ ဆဲရေးတိုင်းထွာ၊ အဖော်အချွတ်လုပ်ပြီး နာမည်ကြီးလာသူတွေကို မိုက်ထိုး သတင်းယူ၊ သာမန်လင်မယား၊ သာမန် လူအချင်းချင်း ရန်ဖြစ်တာ၊ နောက်ဆုံး လိပ်ပြာပြင်တာကအစ တခုတ်တရ သတင်းလုပ်ပြီး ရိုက်ကူးတင်ဆက်လာကြတာကို တွေ့ရပါတယ်။

 

“မီဒီယာဆိုတာ ဒါပါလား” လို့ အများပြည်သူ ထင်စရာရှိအောင် မီဒီယာပုံရိပ်ကို ဖျက်စီးနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့လို အမည်ခံ မီဒီယာတွေကြောင့် တကယ့် မီဒီယာသမားတွေ နာမည်ဖျက်ခံနေရတာပါ။

 

ပြည်သူအများစု အနေနဲ့ကလည်း အံ့ဩစရာကောင်းလောက်အောင် အဲဒီလို အတင်းအဖျင်း၊ အညှီအဟောက်သတင်းတွေကို တခြားသော အရေးကြီးသတင်းတွေထက် ပိုပြီး စိတ်ဝင်စားကြနေတာကို like & share, comment တွေကိုကြည့်ရင် သိနိုင်ပါတယ်။ တချို့သော comment တွေကတော့ ဒီလို အရေမရအဖတ်မရ၊ အဆင့်အတန်းမရှိတဲ့ သတင်းတွေကြောင့် မီဒီယာအားလုံးကို သိမ်းကြုံးဆဲဆိုထားတာကိုလည်း တွေ့ရပါတယ်။

 

ဒီနေ့ခေတ်မှာ Social Media ကို အကြောင်းပြုပြီး လူမှုကွန်ယက်ပေါ် ထင်ပေါ်ကျော်ကြားသူ အများအပြား ထွက်ပေါ်လို့ လာနေတာဖြစ်ပါတယ်။ လူမှုမီဒီယာ (Social Media) မှာ အထူးအဆန်းတခု လုပ်ပြလိုက်ရုံနဲ့ တခဏလေးအတွင်းမှာ လူသန်းပေါင်းများစွာကြား ထင်ရှားကျော်ကြားသူ ဖြစ်သွားနိုင်ပါတယ်။ ဒါကို ကောင်းတဲ့ဘက်က အကျိုးရှိရှိ အသုံးချနေသူတွေရှိသလို မကောင်းတဲ့ဘက်က‌နေ အပျက်သဘောမျိုးနဲ့ သတင်းအဆိပ်ခပ်နေတဲ့သူတွေလည်း ရှိနေပါတယ်။

 

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းရဲ့ ဥက္ကဋ္ဌနဲ့ ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများ တာဝန်ခံထုတ်ဝေခဲ့တဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်က “သတင်းကျင့်ဝတ်” ကဗျာလေးတပုဒ်ရေးပြီး အသိပေးထားတာမှာ…

 

“သတင်းကျင့်ဝတ်ဟူသည်
ထူးထွေပြဌာန်းရန် အကြောင်းမရှိ။
သတင်းသမားစစ်စစ် ဖြစ်သူတိုင်း
တိကျစွာ လိုက်နာကြပြီးဖြစ်သည်။
သတင်းမီဒီယာအမည်ခံ ခါတော်မီ ပုံဖျက်နေသူတို့ကြောင့်
သတင်းမီဒီယာ တပ်ပျက်ချိန်တွင်
ပုံပျက်လာခြင်း ဖြစ်ပေရာ
သတင်းတန်ဖိုးထားတတ်သူများက
ဝိုင်းဝန်းဆုံးမကြခြင်းဖြင့်
ခါတော်မီပုံဖျက်နေသူများ
တပ်လန်သွားမည်ဖြစ်ကြောင်း
မီးမောင်းထိုးပြလိုက်ရပေသတည်း။” လို့ ဆိုထားပါတယ်။

 

ဆိုရှယ်မီဒီယာဆိုတာ နေ့စဉ် လူမှုဘဝမှာ အတိုင်းအတာတခုထိ အရေးပါလာတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ လူအများထိခိုက်စေမယ့် မဟုတ်တမ်းရား သတင်းတွေ၊ အမုန်းစကားတွေကို ကျွန်မတို့က စမရှဲသင့်သလို၊ တင်တဲ့သူတွေကိုလည်း အားပေးအားမြှောက် မလုပ်သင့်ပါဘူး။

 

ဆိုရှယ်မီဒီယာ သုံးတယ်ဆိုတာ အရင်က ဖျော်ဖြေရေး တခုအနေနဲ့ သုံးခဲ့ကြပေမယ့် လက်ရှိမှာတော့ ဖျော်ဖြေရေးဆိုတာထက် ပိုနေပါပြီ။ စီးပွားရေးတွေ၊ ပညာရေးတွေ၊ ကိုယ့်ရဲ့ အောင်မြင်ကျော်ကြားမှုတွေ စတာတွေက ဆိုရှယ်မီဒီယာကို မှီခိုနေရပါပြီ။ ဒါတွေက ကောင်းတယ်ဆိုပေမယ့် သူတို့နဲ့အတူ တွဲပါလာတာကတော့ ဆိုရှယ်မီဒီယာက သတင်းအမှားတွေ၊ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပို့စ်တွေပါပဲ။

 

အမည်ခံမီဒီယာတွေရဲ့ တင်္ဂတ နာမည်ကြီးရုံ၊ ကြော်ငြာရချင်ရုံနဲ့ မေးချင်ရာတွေမေးပြီး လုပ်ချင်ရာတွေ လျှောက်လုပ်နေတာနဲ့ ပတ်သက်လို့ အယ်ဒီတာတယောက်က “၁၉၉၈ – ၉၉ ပတ်ဝန်းကျင်ကာလတုန်းကလည်း အချစ်ဂျာနယ်တို့၊ လျှပ်တပြက်တို့၊ အလင်းတန်းတို့ ခေတ်လိုမျိုးပဲပေါ့။ အဖွတလိုင်းပေါ့၊ သူတို့ကတော့။ စနေနံမင်းသားနဲ့ တနင်္ဂနွေမင်းသမီးတို့က ဘယ်ထဲက ထွက်လာကြတယ်တို့ဘာတို့လေ၊ အဲ့လိုမျိုး ပြောကြတဲ့၊ ရေးကြတဲ့ မီဒီယာတွေလည်း ရှိခဲ့ဖူးတာကိုး။ အဲ့ဒီ့တုန်းကလည်း သူ့ဟာနဲ့သူ အဖွတော့ရှိတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ပိုဆိုးလာတယ်လို့မြင်တယ်။ ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက်၊ တခုခု ပွဲမဖြစ်လိုက်နဲ့၊ ပွဲဖြစ်လိုက်တာနဲ့ သူတို့က ထရေးကြပြီ၊ ထပြီးတော့ အင်တာဗျူးလုပ်ကြပြီပေါ့။ စိတ်ဓာတ်ရေးရာအရ လူတွေကို တမင်သက်သက် အဆိပ်ခတ်နေတဲ့ ပုံစံမျိုးလို့မြင်တယ်။ နောက်ပိုင်း အဓိက စိုးရိမ်တာက မီဒီယာဆိုတာ ဒါမျိုးလားလို့ ထင်သွားမှာကိုတောင် စိုးရိမ်နေရတယ်။ မီဒီယာသမားတွေက ဒါပဲ၊ တွေ့သမျှ မိုက်ထိုးပြီးတော့ မေးနေတာပဲ။ ဘာမှလည်း ကျင့်ဝတ်မရှိကြဘူး။ အနှစ်သာရ ရှိတဲ့ဟာတွေလည်း ဘာမှမလုပ်ကြဘူးပေါ့။ သူတို့ လုပ်နေတာတွေက အဲ့ဒါမျိုးလေးတွေဖြစ်မှာ၊ လူတွေအတော်တော်များများ အဲလိုထင်သွားမှာကိုတောင် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်” လို့ ပြောပါတယ်။

 

ဒီနေရာမှာ ဆယ်လီ ဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်တာက ဆယ်လီ ဆိုတာ လက်တင်စကား celeb (ဆယ်လီဘ်) ကနေ ဆင်းသက်လာတာ ဖြစ်ပြီး အသိအမှတ်ပြုခံရခြင်းလို့ အနက် အဓိပ္ပာယ် ရပါတယ်။ ဖြစ်ရပ်တခုဟာ လူပြောသူပြော များလာခဲ့ပြီးတော့ လူတွေ ပါးစပ်ဖျားကို အချိန်မှန် ရောက်ရှိလာခဲ့ပြီ ဆိုရင် ဒီ ဗဟိုပြုရာ မဏ္ဍိုင်ကို Celeb လို့ ခေါ်တယ်လို့ မှတ်သားရပါတယ်။

 

ဒီမှာ လူပုဂ္ဂိုလ် ဆိုရင် ဆယ်လီဘရစ်တီ (celebrity) လို့ ခေါ်ပြီး ဖြစ်ရပ်တွေဆိုရင် ဆယ်လီဘရေးရှင်း (celebration) လို့ ခေါ်ပါတယ်။ ဥပမာ – အာဇာနည်နေ့ဟာ ဆယ်လီဘရေးရှင်း ဖြစ်ပြီး အာဇာနည်တွေဟာ အဲ့ဒီ့နေ့ရဲ့ ဆယ်လီဘရစ်တီတွေ၊ ရေပန်းစားတဲ့ စကားဝိုင်းတွေ ဖြစ်ပါတယ်။

 

ဆိုတော့ ဆယ်လီဘရစ်တီရော ဆယ်လီဘရေးရှင်းရောက ဒေသတခုရဲ့ အထင်ကရ ရပ်ဝန်းတွေ နေ့ရက်တွေကို သတ်မှတ်တဲ့ စကားရပ်တွေ ဖြစ်ပါတယ်။ ဒီရပ်ဝန်းတွေ ပုဂ္ဂိုလ်တွေ နေ့ရက်တွေဟာ ရေတိုမဟုတ်တဲ့ ရေရှည်တွေ ဖြစ်ပြီး အထက်မှာ ပြောခဲ့သလို လူတွေ ပါးစပ်ဖျားကို အချိန်မှန် ရောက်လာတတ်ပါတယ်။

 

ဒီရပ်ဝန်း ရောက်ရှိလာတာနဲ့ ပတ်ဝန်းကျင် တခုလုံးက အလုပ်တွေ အနားပေးလိုက်ကြတယ်။ ပျော်ရွှင်စွာ ဖြတ်သန်းကြတယ်။ ခမ်းခမ်းနားနား ကျင်းပကြတယ်။ အပူအပင် ကင်းကင်းနဲ့ ဖိစီးမှုတွေ သောကတွေ အားလုံး မေ့ထားလိုက်ကြတယ်။

 

အဲ့ဒီ့ ဆယ်လီဘ်နဲ့ တွဲလျက် ဖြစ်ပေါ်လာတဲ့ အခြေအနေ နောက်တခု ရှိပါသေးတယ်။ အဲ့ဒါက ပါပါရာဇီ (paparazzi) လို့ ခေါ်ပါတယ်။ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ် (ဒါမှမဟုတ်) ဖြစ်ရပ်တွေ ပေါ်လာတိုင်း ဒါတွေကို လိုက်လံ မှတ်တမ်း တင်မှုဟာလည်း ဖြစ်လာရပါတယ်။ ဓာတ်ပုံတွေ အမိအရ ရိုက်ကြတယ်။ တခြား တခြားသော မကြုံ မဆုံခဲ့သူတွေ သိစေဖို့ ပြန်လည် ဖြန့်ဝေပေးကြလေ့ ရှိကြပါတယ်။ ဒီလို သတင်းနဲ့ မှတ်တမ်းသမားတွေကို ပါပါရာဇီ လို့ ခေါ်ပါတယ်။

 

ဒါပေမယ့် ပါပါရာဇီတိုင်းက ကျော်ဇောလိုမှုရဲ့ သားကောင်တွေ ဖြစ်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ထင်ရှားတဲ့ ရပ်ဝန်းကို မှတ်တမ်း ဝိုင်းယူကြတာမှာ ကိုယ်က ဦးဆုံး သတင်း ဖြန့်ဝေလိုသူ ဖြစ်ချင်ကြလို့ပါ။ သူများ တင်ဆက်သူနဲ့ မတူတဲ့ လူစိတ်ဝင်စားမှုရအောင် မထော်မနန်း သတင်းခေါင်းစဉ်တွေပေးပြီး သူတို့က ပွဲခံလိုကြတာပါ။

 

ဒီမှာ ဘာတွေ လုပ်လာကြသလဲဆိုတော့ သတင်း မှန်တာ၊ မှားတာ၊ စာဖတ်သူအတွက် အကျိုးရှိတာ၊ မရှိတာကို၊ လူအများ သိသင့်တဲ့သတင်း၊ မသိသင့်တဲ့သတင်း ဆိုတာကို သူတို့က ဂရုမစိုက်တော့ပါဘူး။ ဘယ်သူတွေ ထိတာ၊ မထိတာကိုလည်း စိတ်မဝင်စားတော့ဘူး။ ကိုယ်က ရှေ့ကို ရောက်နေဖို့၊ followers တွေ တိုးပွား လာစေဖို့ပဲ ကြည့်တတ်ကြပါတော့တယ်။ ဒါ့ကြောင့် သူတို့ဟာ ကျော်ဇောလိုမှုရဲ့ သားကောင်တွေ ဖြစ်လာရတာ ဖြစ်ပါတယ်။

 

အဲ့ဒီ့ ရပ်ဝန်းထဲမှာ များသောအားဖြင့် တဖက်နဲ့ တဖက် ဆဲဆိုနေမှုပဲ ရှိပါတယ်။ အဆင့်အတန်းဆိုတာ မြူမှုန်တမှုန်စာလောက်တောင် မတွေ့ရတတ်ပါဘူး။ သတင်းပညာရပ်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်၊ သတင်းတခုရဲ တန်ဖိုးကို မီဒီယာအမည်ခံ အသိုင်းအဝိုင်းကလူတွေ တခုမှ နားလည်ကြပုံ မပေါ်တာကို သူတို့ ဖန်တီးထားတဲ့ သတင်းတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ပါတယ်။

 

“အခုဟာက သာမန် လင်မယားချင်း ရန်ဖြစ်ရင်တောင် လိုက်ဗျူးနေတဲ့ကိစ္စဆိုတော့ နည်းနည်းလေးမှ မဟရဲဘူး၊ တန်းဗျူးတော့တာပဲ။ ဗျူးပြီးတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် တင်တာပဲ။ အံ့ဩဖို့ ကောင်းတာတွေက အဲ့ဒီ့ဟာတွေက ချက်ချင်းကို ၅ မိနစ်၊ ၁၀ မိနစ်အတွင်းမှာတင် 4k,5k တချို့ဆို 10k အဲ့လောက်ထိတွေ ဖြစ်သွားတယ်။ အဲ့ဒါက အံ့ဩဖို့ကောင်းတယ်။ ဒီဘက်ခေတ်က လူတွေရဲ့ အတွေးခေါ် အဆင့်အတန်းကိုလည်း သိရတာပေါ့။ ကျွန်တော်တို့ လုပ်နေတဲ့ story တွေဆိုရင် သုံး‌၊ လေးရက်လောက်မှ 3k,4k တက်တယ်။ အဲ့ဒီ့ story တပုဒ်ရဖို့က ရိုက်ရပြုရ၊ ချိတ်ရတာတွေ ရှိတယ်။ နောက် ခုချိန်ထိကို ပိုက်ဆံက ဝင်သေးတာမဟုတ်ဘူး။ အိတ်စိုက်ပဲ လုပ်နေကြရတာလေ။ သူတို့ကျတော့ ပိုက်ဆံလည်း ရတယ်၊ ဘာမှမဟုတ်တာလေးနဲ့ ဆိုတော့ အဲ့ဒါကလည်း အားပေးတဲ့သူတွေလည်း ရှိနေတဲ့ အခြေအနေရှိလို့ပေါ့နော်။ အားပေးတဲ့သူတွေလည်း ဘယ်လို အတန်းအစားကလူတွေ ဘယ်လို အားပေးနေလဲတော့ မသိဘူးပေါ့။ အဲ့လိုမျိုးကြောင့်လည်း သူတို့လည်း ရပ်တည်လို့ရတဲ့သဘောမျိုး ဖြစ်နေတာ” လို့ အယ်ဒီတာတယောက်က သုံးသပ်ပါတယ်။

 

လက်ရှိ မှိုလိုပေါက်လာတဲ့ သတင်းမီဒီယာ အမည်ခံတွေဟာ အဓိက က ယူကျုက ဝင်ငွေ၊ ပြည်တွင်း ကြော်ငြာရ ပြီးရော လုပ်စားနေကြတာဖြစ်သလို ပွဲတွေကရတဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ သူတွေပါ။ တက်လာတဲ့သတင်းကတော့ တရာဖိုး သုံးပုဒ်တောင် မတန်ဘဲ ဖတ်ရတဲ့သူအတွက် အတင်းအဖျင်း၊ အပေါစား ဟာသတခု၊ တဖက်နဲ့တဖက်၊ တယောက်နဲ့တယောက် ဆဲရေးတိုင်းထွာကြရုံကလွဲလို့ ဘာမှ ဖြစ်မလာပါဘူး။ ဖွဲမီးလို သတင်းအမျိုးအစားတွေကို ပြီးပြီးရော ဖန်တီးနေကြတာပါ။

 

“နောက် ပိုဆိုးတာက ပွဲတက်ရင် ပိုက်ဆံတောင်းတာ။ ကျွန်တော်တို့ခေတ်တုန်းတော့ အဲ့ဒါတွေမရှိခဲ့ဘူး။ ပိုက်ဆံပေးရင်တောင် ယူတဲ့လူတွေမဟုတ်ဘူးလေ။ အခုကျတော့ တချို့မီဒီယာတွေဆိုရင် ပွဲတပွဲ လာပေးရမယ်။ crew ဖိုးက ဘယ်လောက်၊ ကင်မရာဖိုးက ဘယ်လောက်၊ အဲ့လိုတောင်းတာတွေလည်း ကြားရတယ်လေ။ အဲ့ဒါကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ။ ကြော်ငြာကောက်ရင်တောင် နည်းနည်းတော်သေးတယ်။ အမှန်ကတော့ သတင်းထောက်က ကျင့်ဝတ်အရဆို ကြော်ငြာလည်း ကောက်လို့ မရဘူး။ ဒါပေမယ့် နည်းနည်း လျှော့ပေးလိုက်မယ်၊ တရစ်လျှော့မယ်ဆို သတင်းထောက် ကြော်ငြာကောက်မယ်ဆို ကောက်၊ ပေးကောက်မယ်။ ဒီပွဲလာပေးမယ် ကျွန်တော်တို့ဆီမှာ ကြော်ငြာထည့်ပေးပါဆို ဒီလောက်ဆိုရင်တောင် နည်းနည်းလေး နားလည်ပေးလို့ရတယ်။ အခုကျတော့ ပိုက်ဆံပါတောင်းနေတဲ့ အခြေအနေကျတော့ အဲ့ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ” လို့ သူက ပြောပါတယ်။

 

ဒါကို ထိန်းကျောင်းဖို့က မီဒီယာအစစ်တွေကို လုပ်ပိုင်ခွင့်ပြန်ပေးမှသာ ဖြစ်နိုင်မှာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ဒါ့အပြင် လက်ရှိ သတင်းလောက က သတင်းမီဒီယာအမည်ခံတွေ အနေနဲ့လည်း copy past journalism နဲ့ သွားနေကြတာဖြစ်ပြီး သတင်းရင်းမြစ်အတု၊ ကုတ်အတု၊ အပြင်မှာ တကယ် မရှိတဲ့အရာတွေနဲ့ comment word တွေသုံးပြီး ရေးနေကြတာတွေလည်း မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။

 

“အခုက လိုင်းပေါ်မှာ ဟုတ်တာရော၊ မဟုတ်တာရော အရည်မရအဖတ်မရတွေက များနေတယ်။ ကိုယ်တွေကတော့ ဒီသတင်းတွေ တွေ့ရင် ဝင်ကိုမဖတ်ဘူး။ ရုပ်သံတွေလည်း ဖွင့်မကြည့်ဘူး။ ကျော်ပစ်တာပဲ။ အဲဒါတွေနဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို ခဏတဖြုတ်တောင် အပျော်သဘောမျိုး ဖြုန်းမပစ်နိုင်ဘူး။ ဒီသတင်း မသိရလို့လည်း ဘာမှဖြစ်မသွားဘူး။ ကိုယ့်အတွက်လည်း အကျိုးရှိမသွားဘူး။ အခုခေတ် ဆယ်လီမီဒီယာတွေက ဒါတွေနဲ့ပဲ ငွေလမ်း ဖြောင့်နေတာ။ လူသိများတော့ ကြော်ငြာရမှာပေါ့။ နဂါးဝင်ပူးတယ်ဆိုလည်း ဗျူးရတာအမော။ တော်၏၊ မတော်၏ မစဉ်းစားဘဲ ပိုက်ဆံရှာနေတာ။ ခေတ်အခါက မကောင်းရတဲ့ကြားထဲ ဒီအရည်မရအဖတ်မရတွေကိုပဲ သတင်းလုပ်နေကြတဲ့သူတွေကိုလည်း တော်တော်စိတ်ပျက်မိတယ်။ သူတို့တွေကြည့်လိုက်ရင် ဒီတိုင်းပြည်ကြီးက ဘာမှမဖြစ်သလိုဘဲ။ ဟိုမှာ ပြေးလွှားနေပြီး ဒုက္ခရောက်နေရတဲ့သူတွေကိုလည်း အများကြီး မဟုတ်တောင် နည်းနည်းပါးပါးလေးတော့ အားနာပေးပါဦးလို့ အဲ့ဒီ့ ဆယ်လီ ဆိုတဲ့ သူတွေရော၊ အဲ့ဆယ်လီတွေကို မိုက် သွားသွားထိုးနေတဲ့သူတွေကိုရော ပြောချင်တယ်။ ပြောသာပြောရတာ။ ပြောလည်း နားလည်နိုင်တဲ့ ဦးနှောက်၊ ဉာဏ်ရည် အဆင့်အတန်းလည်း မှီကြမှာမဟုတ်ဘူး။ ကျွဲပါးစောင်းတီးသလိုပဲ ဖြစ်နေမှာ” လို့ ပြည်သူတယောက်က ပြောပါတယ်။

 

အချုပ်အားဖြင့် ပြောရရင် မီးဟာ လူတွေအတွက် ဘယ်လောက်ပဲ အကျိုးရှိပါတယ်ပြောပြော မီးကို ပေါ့ပေါ့ဆဆသုံးရင်တော့ မီးကတော့ လောင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မီးရဲ့ ဆိုးကျိုးလို့ တဖက်အမြင်နဲ့ ပြောလို့မရပါဘူး။ သုံးတဲ့သူရဲ့ပေါ့ဆမှု၊ အလေးမထားမှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

 

အရင်တုန်းကတော့ ကျင့်ဝတ်ဆိုတာ အပြင်လောက လူမှုဆက်ဆံရေးအတွက် လိုအပ်ချက် တခုပါပဲ။ ဒါပေမယ့် ဒီကနေ့မှာတော့ အပြင်လောကမှာတင်မကတော့ပါဘူး။ အင်တာနက်ပေါ်က လူမှုမီဒီယာတွေမှာပါ လိုအပ်လာပါပြီ။

 

ကျင့်ဝတ်ကို အကြမ်းဖျင်းအားဖြင့် မှန်တဲ့အရာကို ပြုလုပ်ခြင်း (ဒါမှမဟုတ်) တဦးချင်း လူ့အဖွဲ့အစည်းတခုရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်လို့ ဆိုကြပါတယ်။ အများအားဖြင့်တော့ လူတဦးချင်း (ဒါမှမဟုတ်) လူ့အဖွဲ့အစည်း တခုကကောင်းတယ်၊ ဆိုးတယ်လို့ ရှုမြင်တဲ့အရာတွေကို ဆိုလေ့ရှိကြတာတွေ့ရပါတယ်။

 

ကျင့်ဝတ် တန်ဖိုးတွေ လိုက်နာကျင့်သုံးကြရာမှာ လူ့အသိုက် အဝန်းအတွင်းမှာ သဟဇာတဖြစ်တဲ့ အခြေအနေတွေ၊ ပြုမှုဆက်ဆံရေးတွေ ရရှိလာစေဖို့ ရည်ရွယ်ကြ တာဖြစ်ပါတယ်။ ဥပမာအားဖြင့် “ငါဘယ်လို ပြုမူနေထိုင်သင့်သလဲ” ဆိုတဲ့ မေးခွန်းမျိုး၊ အသိ ပညာနဲ့ ပျော်ရွှင်မှုတွေ (ဒါမှမဟုတ်) ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ ဆိုတာမျိုးတွေဟာ ကျင့်ဝတ်နဲ့ဆိုင်တဲ့ စဉ်းစားစရာတွေပဲဖြစ်ပါတယ်။

 

လူမှုမီဒီယာမှာလည်း ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသင့်တာတွေရှိပါတယ်။ ဒီပို့စ်ကို မျှဝေသင့်သလား၊ ဒီပို့စ်က သတင်းအချက်အလက်တွေက မှန်နိုင်၊ မမှန်နိုင်၊ ဒီပို့စ်ကြောင့် အခြားသူတွေကို ဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုအကျိုးရှိစေနိုင် သလဲဆိုတာတွေဟာ လူမှုမီဒီယာ အသုံးပြုသူတွေအတွက် စဉ်းစားဖို့လိုအပ်တဲ့ ကျင့်ဝတ်ဆိုင်ရာတွေပဲ ဖြစ်ပါတယ်။ ဒီလို လူမှုမီဒီယာဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကြမှလည်း ကိုယ်တဦးတယောက်ကြောင့် အခြားသူတွေကို မထိခိုက်မနစ်နာစေဘဲ ကိုယ်လည်းအကျိုးရှိ အခြားသူတွေကိုလည်း အကျိုးရှိစေမှာ မလွဲဧကန် ဖြစ်ပါတယ်။         ။

 

#voiceofmyanmar #VOM #မီဒီယာ #သတင်းသမား #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW