တနင်္သာရီတိုင်းက စစ်ရှောင် ငါးသောင်းကျော်အတွက် အရေး​ပေါ် အကူအညီများစွာ လိုအပ်နေ

ဧပြီ ၂၄ – ၂၀၂၄
SN (VOM)
တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူ ငါးသောင်းကျော်အတွက် အ​ရေး​​ပေါ် အကူအညီများစွာ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာပေါင်း ၈၀ ဝန်းကျင်က ဒေသခံ စုစုပေါင်း ငါးသောင်းလေးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
“စစ်ရှောင်အရေအတွက်က အခု ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပိုတိုးလာတယ်လို့ ပြောလို့ရတယ်။ အခြေခံကျတဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးအတွက် ဆေးဝါး၊ ပြုစုကုသမှုတွေ လိုတယ်။ နောက်လ မေလကုန်ဆိုရင် မိုးရာသီ‌လည်း ရောက်တော့မှာဆိုတော့ နေရာထိုင်ခင်း၊ အမိုးအကာ လုံခြုံမှုအတွက်လည်း အကူတွေ အများကြီး လိုတယ်” လို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ မြေပြင်တာဝန်ခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကတည်းက နစကတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ဥယျာဉ်ခြံတွေ၊ တောစပ်နဲ့ တောင်ပေါ်တွေမှာ ရှောင်တိမ်းနေရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ တောတောင်တွေထဲ ရုတ်တရက် စစ်ဘေးရှောင်လာရသူတွေအတွက် အမိုးအကာ လိုအပ်ချက်တွေ ရှိနေသလို တိုးပွားလာတဲ့ စစ်ရှောင်အရေအတွက်ကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် မြင့်မားနေပြီး တစ်ထက်တစ်စ ပိုမိုမြင့်မားလာတဲ့ ကုန်စျေးနှုန်း အခြေအနေတွေကြောင့်လည်း အလှူငွေလိုအပ်ချက် များစွာ ရှိနေတယ်လို့ သူက ပြောပါတယ်။
“ရေရှည် စစ်ရှောင်ရသူတွေအတွက်ဆို သူတို့ကလေးတွေရဲ့ ပညာရေး ပံ့ပိုးပေးနိုင်ဖို့လည်း လိုတယ်။ ခုနောက်ပိုင်းမှာ အလှူရှင်တွေလည်း တဖြည်းဖြည်း လျော့လျော့လာတော့ လက်ရှိ အခြေအနေကတော့ မျက်ဖြူစိုက်နေတဲ့ အခြေအနေမျိုးလို့ ပြောလို့ရတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ဆိုတာက ပိုပိုပြီး ဆိုးလာနေတာပေါ့။ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် အရေးပေါ် စစ်ရှောင်လာရတာတွေရှိတယ်။ အဲ့ဒီ့အတွက်ကလည်း နေရာထိုင်ခင်းပြဿနာတွေ ကြုံတွေ့နေရတာတွေ ရှိတယ်” လို့ သူက ပြောပါတယ်။
စစ်ရှောင်သူတွေဟာ အခုလို အခက်အခဲ များစွာ ကြုံတွေ့နေရပေမယ့် သူတို့ရဲ့နေရပ်မှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးကျရောက်တာတွေ ဆက်ပြီးရှိနေသေးတာကြောင့် လတ်တလောမှာ အိမ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။
Photo: တွဲလက်ညီညီ စစ်ရှောင်ကူညီပေးရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW