ကလေးမြို့နယ် မြောက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူလေးဦး သေဆုံး



ဧပြီ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် မြောက်ပိုင်း ၊ ကလေး – လက်ပံချောင်း ကားလမ်းမှာရှိတဲ့ ပျဥ်းတောဦးကျေးရွာမှာ ဧပြီ ၂၄ မနေ့ ညနေပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် လူသေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ် သုံးယောက်နဲ့ အဘိုးအိုတယောက် ၊ စုစုပေါင်း လေးယောက် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် (၁၀)နှစ်အရွယ် Khap Nun Sang၊ အသက်(၁၂)နှစ်အရွယ် Si Thwe Yin နဲ့ အသက် (၈၈)နှစ်အရွယ် အဖိုးအိုတို့ ဖြစ်တယ် ၊ ကလေးနယ်က ထိတွေ့တိုက်ပွဲတွေမှာ နစက ဘက်ရော ၊ ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေကပါ နှစ်ဘက်စလုံး ဒရုန်းဗုံးတွေ ၊ လက်နက်ကြီးတွေ အသုံးပြုပြီးတိုက်ကြတယ် ၊ အဲ့ဒီတော့ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာ အခုထိမသိရသေးဘူး ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက် ၊ မနက် ၇ နာရီလောက်က ၊ ကလေးမြို့နယ် မြောက်ပိုင်း ပျဥ်းခုံကြီးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ရွာခံလူ အမျိုးသား သုံးယောက် ထိမှန် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ Pu Thian Neih Thang ၅၇ နှစ် ၊ Pu Kawl Tin Kham ၅၇ နှစ်နဲ့ Pu Za San Hmung ၃၃ နှစ် တို့ဖြစ်တယ် ၊ နောက်ပြီး ဒဏ်ရာရသူ လေးငါးယောက်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ သင်းအုပ်ဆရာတယောက် ပြောပြတာက .” သိရသလောက်ကတော့ (မတ် ၁၆ ) က ပျဥ်းခုံလေးရွာမှာ ပေါက်ကွဲမှုဖြစ်လို့ လူသုံးယောက်သေပြီး ၊ လေးငါးယောက်လောက် ပြင်းထန် ဒဏ်ရာရတယ် ၊ သေဆုံးသူတွေကတော့ မ Angel Vanrempuii (၁၀နှစ်)၊ ဒေါ် Edenthari (၃၂နှစ်)၊ ဒေါ် Lalfamkimi (၆၂နှစ်) တို့ဖြစ်တယ် ၊ မတ် ၁၄ ရက်ည ၉ နာရီလောက်မှာ လက်ပန်ချောင်းရွာမှာ ရွာခံ Pi (ဒေါ်) Lalzuali ၆၂ နှစ် ဆိုသူနဲ့ (ဦး)Tv – Lalramdika ၄၂ နှစ် မြေးအဘွားတော်စပ်သူ နှစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး ရွာခံ ခြောက်ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီညက ၈ နာရီလောက်မှာလည်း နန်းချောင်းရွာထဲက ကလေးနှစ်ယာက်လည်း သေတယ်လို့သိရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြို့သုံးပင်နဲ့ မွန်းလိုင် ဘက်က အသက် ၂၉ နှစ်အရွယ် Nu Cing Khawl Kim နဲ့ အသက် ၄၈ နှစ်အရွယ် Nu Cing Khawm Vung တို့နှစ်ယောက် နက်လက်ကြီးကျည်ထိမှန်ပြီး သေဆုံးတယ် ၊ နောက်ပြီး မွန်းလိုင်ရပ်ကွက် စာသင်ကျောင်းနားမှာနေတဲ့ လယ်နွမ်းသား (Lal Nun Thar) ၊ သူ့အစ်မ မိုင်ထျာန်ကျုယ် (Mai Than Cuai ) နဲ့ သူတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ မိုင်မိုနီကာ (Mai Monica) ဆိုသူ သုံးယောက်လည်း လက်နက်ကြီး ကျည်စ ထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာ ၊ လက်ပံချောင်း စတဲ့ရွာတွေဘက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ် ၊ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာ အခုထိမသိရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၈ ရက်မနက်ပိုင်းက ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ( ၂) နေရာဝန်းကျင်နားမှာ ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူတချို့ ထိခိုက်မှုတွေရှိသလို အဲ့ဒီနားမှာဖြတ်သွားတဲ့ သုံးဘီးဆိုင်ကယ် တစ်စီးနဲ့ ယာဥ်မောင်းသူ အပါအဝင် ကလေးငယ်တယောက် ပေါင်း လူနှစ်ယောက် သေဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက ပြောပါသေးတယ်။

အဲ့ဒါကြောင့် ကလေးမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးသူတွေ များပြားလာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မနေ့က လက်နက်ကြီးကျည်ထိမှန်သေဆုံးသူမြင်ကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW