တရုတ် နယ်စပ်ဘက်မှာ နေထိုင်ခွင့် သက်တမ်းကုန်သူတွေကို နေထိုင်ခွင့်ပေးရင် အိမ်ရှင်တွေကိုပါ အရေးယူမယ်



ဧပြီ ၂၉၊ ၂၀၂၄
Shy V (VOM)

တရုတ်နယ်စပ်ဘက်မှာ နေထိုင်ခွင့် သက်တမ်းကုန်လွန်‌နေတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံ နေထိုင်ခွင့် ပေးထားရင် တရုတ်အိမ်ရှင်တွေကိုပါ အရေးယူမှာ ‌ဖြစ်ကြောင်း တရုတ်ဘက် ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေဆီက သိရပါတယ်။

“၅ လပိုင်း ၃၀ ရက်နေ့ ကျော်ရင် ကြက်ဖမ်း၊ ဝက်ဖမ်း ဖမ်းပို့မှာတဲ့။ ဒီ တရုတ်ဘက်မှာက အိမ်ရှင်တွေက နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်နေတဲ့သူ၊ ရဲတွေ ပြန်ခိုင်းတဲ့ အချိန် မပြန်ခိုင်းသူ အိမ်ရှင်တွေကို တွေ့ရှိရင် ဖမ်းဆီးပြီး ထောင် ၅ လ ချမယ်။ အိမ်ရှင်တွေကိုရော အိမ်ငှားတွေကို တရုတ်ငွေ ယွမ် ၁ သောင်း (သိန်း ၅၀ ကျော်) ဒဏ်ငွေ ပေးဆောင်ရမယ့် အပြင် ၂ ယောက် စလုံး ထောင်ဒဏ် ခံရမယ်” လို့ တရုတ် နယ်စပ် ဒေသခံ တဦးက ပြောပါတယ်။

အဲလို ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံထဲ ၅ နှစ် ဝင်ခွင့် မရှိတော့ဘူး လို့ သူက ပြောပါတယ်။

“ကျနော်တို့ ရင်ကျန်း ရင်မောက်မှာ နာမည် စာရင်း လာထည့်ခိုင်းနေတယ်။ ဘယ်သူက ဘယ်နေ့ ပြန်မှာလဲပေါ့။ တပတ်မှာ ၂ ကြိမ် ပို့ပေးမယ်လို့ ပြောတယ်။”လို့ သူက ထပ်ပြောပြပါတယ်။

အဲဒါကို မေလ ၂၀ ရက်နေ့က စ စာရင်း ထပ် မကောက်တော့ဘူးလို့ သိရပြီး ပြန်ရမယ့် မြန်မာနိုင်ငံသားတွေ တချို့က ချက်ချင်းဆိုတော့ ကျောက်စိမ်းတွေ ရောင်းမရလို့ တကယ့်ကို လမ်းစရိတ်တောင်မရှိပဲ ခက်နေကြတာလို့ သူက ရှင်းပြပါတယ်။

“ရွှေလီမှာတော့ ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ရဲစခန်းမှာ ပြည်တော် ပြန်စာရင်းသွင်းရမယ် ဆိုပေမယ့် လောလောဆယ် လူဟောင်းတွေ စာရင်းသွင်းတာဝောာ့ မတွေ့ရသေးဘူး။ ကျွန်မလည်း ပစ္စည်းတွေ အကုန်သိမ်းပြီးမှာ အိမ်ရှင်ကိုပါ ခေါ်ပြီး စာရင်း သွင်းမလို့။ ရက်နည်းနည်း စောင့်ပေးဖို့ပေါ့” လို့ ‌ေရွှ လီက ကျောက်စိမ်း လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်း အရောင်းအဝယ် လုပ်နေတဲ့ လုပ်ငန်းရှင် တဦးကလည်း မြန်မာဘက်က ကျောက်စိမ်းတွေ ရောက်ထားတာ မကြာသေးလို့ တခန်းလုံး အပြည့် တတုံးမှ မရောင်းရသေးပေမယ့် တအိမ်လုံး ပြန်ထွက်ရမှာ ဖြစ်တာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

တရုတ်ဘက် အိမ်ထောင်ပြုပြီးနေထိုင်သူတွေ အနေနဲ့လည်း တရားဝင် လက်မှတ် အထောက်အထားတွေ မရှိထားရင် ပြန်ထွက်ပြီး အထောက်အထားအသစ် ပြန်လုပ်ကာ ပြန်ဝင်လာဖို့ တချို့နေရာတွေမှာ တရုတ်ရဲတွေ လိုက်လံ ပြောနေတယ်လို့ ဆိုပါတယ်။

တရုတ် နယ်စပ်ဘက်ရောက်နေတဲ့ နေထိုင်ခွင့် သက်တမ်းကုန် မြန်မာန်ိင်ငံသား မှန်သမျှ မြန်မာနိုင်ငံဘက် ထွက်ပြီး အထောက်အထား လက်မှတ် အသစ်တွေ ပြန်လုပ်ပြီးမှ ဝင်လာဖို့ တရုတ်ဘက်က လူမှုကွန်ယက်ကနေ အသိပေးစာ ဖြန့်ထားသလို အစည်းအဝေးခေါ်ပြီး အိမ်တိုင်း လိုက်ပြောတာတွေလည်း ရှိနေတယ်လို့ တရုတ် နယ်စပ်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

Photo: Shy V(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW