ရွှေပြည်သာ မီးလောင်မှု နေအိမ် ၃၀ ကျော် ဆုံးရှုံး

ဧပြီ ၂၉ – ၂၀၂၄
SN (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ ဧပြီ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၄ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် အလုံး ၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ အဲဒီဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့တဲ့ ဝိပါက လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မဉ္ဇူလမ်းနဲ့ ဗေဒါလမ်းထောင့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် စုစုပေါင်း ၃၃ လုံး မီးလောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အိမ်တွေက ဝါး၊ ထရံအိမ်လေးတွေ၊ ပြီးတော့ ရေနံဆီကလည်း သုတ်ထားသေးတယ်ဆိုတော့ ပိုဆိုးသွားတာပေါ့။ အိမ်ခြေလေးတွေကလည်း ကပ်ကပ်လေးတွေ။ တခြား သွပ်တွေဘာတွေ ကာထားတဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေပါ မီးက အကုန်ကူးတာ။ ဝါး၊ ထရံအိမ်လေးတွေများတော့ မီးကူးမြန်တာပေါ့” လို့ ဝိပါက လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး ကနဦး ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ၁၀ မိနစ် ဝန်းကျင်မှာတော့ Level 1 ယာဉ်အုပ်စု ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကာ ၁၂ နာရီ ၁၈ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၃၃ မိနစ် ဝန်းကျင်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ မရှိဘူးလို့သိရပြီး မီးငြိမ်းသွားခဲ့ပြီးနောက် မီးလောင်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၂၆ စုမှ မီးဘေးသင့်ပြည်သူ ၁၁၂ ယောက်ကို ရွှေပြည်သာရွာမကျောင်းတိုက်မှာ လတ်တလော ထားရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်တဝန်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းတွေအရ အခု ဧပြီလ ၈ ရက်နေ့ကနေ ၂၉ ရက်အထိ မီးလောင်မှုအကြိမ်ရေ ၁၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဝိပါကလူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW