နွေအပူထဲ သောက်သုံးရေအတွက် အခက်ပွေရတဲ့ စစ်ဘေးရှောင်တွေ

မေ-၅-၂၀၂၄
SN (VOM)
မြန်မာနိုင်ငံက အပူပိုင်းဒေသတွေနဲ့ မိုးနည်းရပ်ဝန်းဒေသတချို့မှာ မိုးရာသီကာလ ကျော်လွန်တာနဲ့ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးတာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာပါ။
ရေရှားပါးပြတ်လပ်တဲ့ အချိန်ရောက်တိုင်း ဌာနဆိုင်ရာတွေ၊ လူမှု အဖွဲ့အစည်းတွေရဲ့ ရေပေးဝေရေး အစီအစဉ်တွေ၊ သောက်သုံးရေ လှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ပြည်သူတွေဟာ ရေရှားပါးပြတ်လပ်မှုရဲ့ ဒဏ်ကို ပိုပြီး ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတိုင်းလိုလိုက ဒေသခံတွေဟာ စစ်ကြောင့် ပူပန်ရတဲ့အပြင် ရေရှားတဲ့ဒဏ်ကိုပါ ခံစားနေရကြရတာပါ။
နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် နှစ်တွေမှာ နွေရာသီကာလ ရေအခက်အခဲကြုံတဲ့အချိန် အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေး မှုတွေ၊ အလှူရှင်တွေ အလွန်ကို ပေါများခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးရာ ဒေသတွေက ပြည်သူတွေအတွက် နွေရာသီ ရေအခက်အခဲ သိပ်မကြီးမားခဲ့ပါဘူး။
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်မှာတော့ လှူဒါန်းမှု၊ ကူညီပေးမှုတွေဟာ နယ်မြေ မငြိမ်းချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားမှုနဲ့ အဖက်ဖက်က မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း အခြေအနေတွေကြောင့် စိတ်ရှိတိုင်း ခရီးမပေါက်နိုင်ကြတော့ပါဘူး။
အရင်တုန်းကတော့ နွေရာသီကာလရောက်ရင် မြန်မာပြည် (အလယ်ပိုင်း) ဒေသတွေမှာပဲ ရေရှားပါးမှု ဖြစ်လေ့ဖြစ်ထ ရှိခဲ့တာပါ။ ခုနောက်ပိုင်းမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်အပါအဝင် မြန်မာပြည် နေရာ အတော်များများမှာ ရေရှားပါးမှုကို တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာဆိုရင် အဲဒီပြည်နယ် (တောင်ပိုင်း) အတွင်း ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်မြို့တွေမှာ ရေရှားပါးမှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ပင်လောင်းမြို့နယ် တောင်ဘက်က ကျေးရွာအများစုဟာ အဝီစိတွင်းရေ မရဘဲ မိုးရေကိုသာ ရေတွင်းခံပြီး သိုလှောင်ထားရတာပါ။ အခုကာလမှာတော့ ရွာခံ အရပ်သားတွေအပြင် စစ်ဘေးရှောင်တွေလည်း လာရောက် ခိုလှုံနေတဲ့အတွက် သိုလှောင်ထားတဲ့ ရေတွေ လုံလောက်မှုမရှိဘဲ အခက်ခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေက ချက်ပြုတ်ဖို့နဲ့ သောက်ဖို့အတွက်ကိုပဲ မနည်း ချွေတာနေရတဲ့ အနေအထားပါ။ အဝတ်လျှော်၊ ရေချိုးတာ လုပ်လို့မရတော့ဘူး။ အိမ်သာတွေလည်း သန့်ရှင်းမှု မရှိတော့ဘူး။ တချို့ ကလေးတွေရော၊ လူကြီးတွေရော ခန္ဓာကိုယ်တွေ ယားယံကြတယ်။ ဝဲပေါက်ကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခု ၂၀၂၄ ခုနှစ်မှာ ရေကားတစီးကို ကျပ် ငါးသောင်းကနေ ရှစ်သောင်းအထိ ရှိနေပြီး လိုအပ်သလောက်လည်း ဝယ်လို့မရဘူးလို့ သိရပါတယ်။ ပင်လောင်းမှာ စစ်ရှောင်စခန်း ၂၀ ကျော်ရှိကာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်ရှိပြီး ရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမျိုးသမီး လစဉ် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဒုက္ခသည်သုံးသောင်းဝန်းကျင် ခိုလှုံနေရတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ လအိ၊ ဟန်ဘူး၊ ဟာဟန့်၊ ဆိုင်ခွန်၊ တီးတီ၊ သလဘလို့၊ ဘီကင်း၊ လွယ်ယင်းနဲ့ ဖာလိုင် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှာ သောက်သုံးရေ ပြတ်လပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဘီကင်းရွာမှာရှိတဲ့ မိုးရေသိုလှောင်ကန်က ရေကို အနီးတ၀ိုက်ရွာတွေ အချိုးကျမျှဝေ သုံးစွဲနေရပြီး အဲဒီကန်ကလည်း မကြာခင် ရေခန်းခြောက်တော့မယ်လို့ သိရပါတယ်။ စေတနာရှင်တချို့က ရေသယ်ကားနဲ့ ရေအနည်းငယ် ဖြန့်ဝေပေးတာတွေရှိပေမယ့် လုံလောက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
စစ်ဘေးရှောင် သောင်းနဲ့ချီရှိနေတဲ့ ဆီဆိုင်မြို့မှာလည်း ရေရှားပါးတဲ့ ပြဿနာရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေသတွင်း မလုံခြုံမှု အခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေကို ထောက်ပံ့တဲ့ အလှူရှင် မရှိသလောက်ရှားပါးနေတယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ကလေး၊ ကန့်ဘလူ၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ တန့်ဆည်၊ ဝက်လက်၊ အရာတော် မြို့နယ်တွေက စစ်ဘေးရှောင်တွေ အနေနဲ့လည်း အထွေထွေ အခက်အခဲတွေအပြင် ရေရှားပါးမှုပြဿနာနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။
ကန့်ဘလူအရှေ့ခြမ်းတခုလုံးနဲ့ အနောက်ခြမ်းက နေရာတချို့တို့မှာ သောက်သုံးရေ မလုံမလောက်ဖြစ်နေပြီး ကောလင်းမှာလည်း စစ်ရှောင် ၂၅၀၀ လောက် ရေပြတ်နေတယ်လို့ သိရပါတယ်။ ကလေးမြို့က ရေရှင်၊ ရှားဖို၊ ရှားတော စတဲ့ ဒေသတွေမှာလည်း ရေအခက်အခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
“ရေမရှိတော့ တကိုယ်ရည်သန့်ရှင်းရေးအတွက် ပြဿနာရှိတယ်။ အခုဆို ဝမ်းပျက်၊ ဝမ်းလျှောတွေလည်း ဖြစ်နေကြတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
ရာသီဥတုပူပြင်းပြီး သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ အိမ်သာ အဆင်မပြေမှုတွေကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်ကြတာတွေလည်း များတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က ဝမ်းပျက် ဝမ်းလျှောဖြစ်နေကြတယ်လို့ ပြောပါတယ်။
အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ရှားဖိုကျေးရွာက တရွာလုံး စစ်ဘေးရှောင်နေကြရတာ သုံးနှစ်ဝန်းကျင် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဒေသဟာ နှစ်စဥ် နွေရာသီရောက်တိုင်း ရေရရှိနိုင်ဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။
လက်ရှိမှာလည်း သောက်သုံးရေမလုံလောက်မှု ကြုံနေရပြီး ဝမ်းပျက် ဝမ်းလျှောလည်း အဖြစ်များကြတယ်လို့ သိရပါတယ်။ အပူချိန်မြင့်တာကြောင့် ဒေသခံ သက်ကြီး ရွယ်အို လေးယောက်လည်စ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမှာလည်း အရင်ကတည်းက ရေလိုအပ်ချက်ရှိနေပြီး အခု စစ်ရှောင်သူဦးရေ တိုးလာချိန်မှာတော့ ရေအခက်အခဲ ပိုရှိလာတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ စစ်ဘေးရှောင် စခန်းတွေအပြင် ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ရေလိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်တဲ့ အထဲမှာ တနင်္သာရီတိုင်းက ထားဝယ်နဲ့ လောင်းလုံးမြို့နယ်လည်း ပါဝင်ပါတယ်။ တနင်္သာရီတိုင်းထဲက စစ်ရှောင်စခန်းတချို့မှာ သောက်သုံးရေနဲ့ ချိုးရေကို အတူတူ ရောသုံးနေရပြီး၊ ရေခန်းခြောက်တဲ့ အခြေအနေကြောင့် လိုအပ်ချက်ရှိနေတယ်လို့ ကူညီနေသူတယောက်က ပြောပါတယ်။
ဒါအပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ရှောင်တွေလည်း သောက်သုံးရေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့ စစ်ရှောင်တွေမှာ ကိုယ်ပူတာ၊ ဗိုက်အောင့်တာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်နေတယ်လို့ သိရပါတယ်။ သောက်သုံးရေ သန့်ရှင်းမှု မရှိတာကနေ ဝမ်းလျှောကြပြီးတော့ အခုချိန်မှာတော့ တွင်းရေကိုသာ သောက်သုံးနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ ရေအရင်းအမြစ်၊ အစားအစာအရင်းအမြစ်တွေ ပိုပြီး ပြတ်လပ်လာတယ်လို့ သိရပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေအပြင် သောက်သုံးရေ ပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေက သောက်သုံးရေတွေဟာ မသန့်ရှင်းတဲ့အပြင် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကြိုတင်ကာကွယ်မှု၊ လုံလောက်တဲ့ အိမ်သာတွေနဲ့ ဆေးဝါးတွေလည်း မရှိတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း သောက်သုံးရေရှားပါးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ထီးလင်းမြို့နယ်အတွင်းရှိ ပုံညာတောင်တန်း စစ်ရှောင်စခန်းမှာလည်း ရေရှားပါးလာတာနဲ့အတူ လူဦးရေများပြားမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အရေပြားရောဂါတွေကို ခံစားလာရတယ်လို့ သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ရေပြဿနာကို စစ်ရှောင်လူထုတွေသာမက ဒေသခံတွေကလည်း ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲလာမှုကြောင့် မြန်မာပြည်မှာ အပူချိန်တွေတိုးလာပြီး မိုးရေရရှိမှုလည်း သိသိသာသာ လျော့နည်းလာခဲ့တာပါ။ ဒါကြောင့် အရင်လို မိုးရေလှောင်ကန်တွေ၊ ဆည်တာတမံတွေမှာ ရေလှောင်နိုင်မှုနည်းပါးသွားပြီး ရေရှားပါး ပြတ်လပ်မှုတွေ ပိုမို ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေဟာ ကွန်ယက်တခုလို ယှက်ဖြာ စီးဆင်းနေတဲ့အတွက် ရေချိုသယံဇာတ လွန်စွာမှပေါကြွယ်၀လှပါတယ်။ ဒါကြောင့် ဟိုတုန်းက ရေရှားပါးတယ်ဆိုတာ မြန်မာပြည် အတွက်တော့ တကယ့်ကို ကြုံခေါင့်ကြုံခဲ ကိစ္စပါ။ ပြဿနာတရပ်လည်း မဟုတ်ခဲ့ပါဘူး။ အခုတော့ မိုးရာသီ ကုန်တာနဲ့ ရေရှားပါးတဲ့အသံတွေကို ဟိုတစဒီတစ ကြားလာရပြီး ဆောင်းအကုန် နွေအကူးမှာ ပိုမို ကျယ်လောင်လာတာကို တွေ့ရပါတယ်။
ဒီထဲကမှ အိုးပစ်အိမ်ပစ်၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေရသူတွေအတွက်ကတော့ တပူပေါ် နှစ်ပူဆင့်ဆိုတာထက်ကို ပိုတဲ့ သောကတွေ တပုံတပင်နဲ့ပါ။ အခု ၂၀၂၄ ခုနှစ် နွေမှာလည်း စစ်ရှောင်တွေဟာ သူတို့ရဲ့ ဒုက္ခများစွာထဲက တခုဖြစ်တဲ့ ရေရှားပါးတဲ့ ပြဿနာကို စံချိန်တင် အပူချိန်တွေနဲ့အတူ ဖြတ်သန်းနေရပြန်ပါပြီ။ ရေရှားပါးမှုဒဏ်ကို ခါးစည်းခံစားနေကြရဦးမှာဖြစ်တာကြောင့် ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုသာ မျှော်လင့်စောင့်စားလျက် ရှိကြပါတယ်။
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

Related posts

Leave a Comment

VOM News

FREE
VIEW