ဒီရက်ပိုင်းအတွင်း တရုတ်နယ်စပ်ဘက် ရောက်နေတဲ့ မြန်မာ လုပ်သားတွေ သေဆုံးမှု များပြားလာ



မေ ၁၀၊ ၂၀၂၄
Shy V (VOM)

ဒီရက်ပိုင်းအတွင်း တရုတ်နယ်စပ်ဘက် ရောက်နေတဲ့ မြန်မာ လုပ်သားတွေ သေဆုံးမှု များပြားလာတယ်လို့ တရုတ်နယ်စပ်ရောက် မြန်မာန်ုင်ငံသားတွေဆီက သိရပါတယ်။

ဒီလို သေဆုံးရတာက အဓိက အချက် သုံးချက်ရှိတယ် လို့ ရွှေလီက မြန်မာနိုင်ငံသားတွေကို ကူညီပေးနေသူ မြန်မာနိုင်ငံသား တယောက် ကပြောပါတယ်။

“ကျန်းမာရေးကြောင့်လည်းပါတယ်။ လုပ်ငန်းမကျွမ်းကျင်မှုတွေပါတယ်လေ။ တချို့ ကား မတော်တဆမှုကျတော့ ရုတ်တရက် မြန်မာ ပြည်ဘက်က ဝင်လာတယ်။ ဆောက်လုပ်ရေးအတွက် ဆိုရင်လည် သူတို့က ဆောက်လုပ်ရေး မကျွမ်းကျင်ဘူး။ ကျွမ်းကျင် ဝန်ထမ်း မဟုတ်ဘူးပေါ့။ ပြောရရင်။ မဟုတ်တော့ အဲလို ထိခိုက် ‌သေဆုံးမှုတွေ ဖြစ်တာ။ အရက်သေစာတွေ သောက်စားကြတာ။” လို့ သူက ရှင်းပြပါတယ်။

မြန်မာ နိုင်ငံသား အများစုက တရုတ်ဘက်က ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို နားမလည်တာကြောင့် ယာဉ်မ‌တော်တဆမှု ဖြစ်ပွားတာလို့ ဆိုပါတယ်။

“ကျွန်မတို့ ဆိုငိကို အမြဲတမ်းလာတဲ့ ကောင်လေး တယောက်တောင် တရက်ပဲ ကျွန်မတို့ ဆိုင် မလာတာ ‌ဆုံးသွားတာလေ။ သူ ည ဘား သွားပြီးတော့ အရက်တွေသောက်ထားတာ။ သူ့ သူငယ်ချင်းတွေ ဖုန်း ဘယ်လောက်ခေါ်ခေါ် ဘာမှပြန်မပြောဘူး။ သူ့အခန်း သွားကြည့်တာ အထဲကနေ ခတ်ထားလို့ အိမ်ရှင်ဆီက သော့ တချောင်း တောင်းယူပြီး တံခါဖွင့်လိုက်တော့ သေဆုံးနေတာ။” လို့ ရွှေလီမှာ အလုပ်လုပ် လုပ်နေတဲ့ မိန်းကလေး တယောက် လည်းပြောပါတယ်။

တချို့တွေက တရုတ်ဘက်ခြမ်းရောက်နေပြီး အလုပ် မရှိသူတွေ၊ အဆင်မပြေသူတွေက အစားအသောက် ပုံမှန်မစားမသောက်ရတာတွေ၊ နေထိုင်စရာ အခက်အခဲတွေကြောင် ကျယ်‌ဂေါင်မှာဆိုရင်လည်း လမ်းဘေးတွေပေါ် အိပ်နေရတာတွေကြောင့် ကျန်းမာရေးထိလာတာတွေလာတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

“အရင်က အခုလို သေဆုံးတာ မရှိဘူး။ အခုက ဒီ တလ၊ နှစ်လ အတွင်း ၁၅ ယောက်လောက် ဖြစ်နေတာ။ ပိုင်ရှင်မဲ့ အလောင်းတွေရောပါတယ်။ မတော်တဆ ဖြစ်မှုမှာ တနေ့က ဆိုရင် ကောင်မလေး တယောက် အဝတ် ထွက်လှမ်းရင်း တိုက်ပေါ်က ပြုတ်ကျလို့ သေသွားတာလေ။ အထပ်မြင့်တော့ ခေါင်းနဲ့မြေပြင်နဲ့ တိုက်ရိုက်ထိသွားတာ” လီရွှေရောက် မြန်မာ နိုင်ငံသားတယောက်က ပြောပါတယ်။

တရုတ်ဘက်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရုတ်ဘက်က တခုခု ဖြစ်လာရင် ဥပဒေ၊ မူဝါဒ‌တွေ ထပ်ထပ်တိုး ချမှတ်လာတာကြောင့် အဓိက အရက်သေစာတွေ အလွန်အကျွံသောက်စားမှုတွေ မလုပ်ဖို့၊ အလုပ် ကြိုးကြိုးစားစား လုပ်ဖို့၊ တရုတိဘက်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်အောင် လေ့လာ မှတ်သားကြဖို့၊ ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းဆိုရင် ဝင်ရောက် အလုပ်မလုပ်ဖို့ ပြောပြလိုကြောင်း သူက ပြောပါတယ်။

မြန်မဘက်က ဝင်ရောက်လာတဲ့ မြန်မာ လုပ်သားတွေကလည်း တရုတ်နယ်စပ်မှာ အလုပ်ရဖို့ ခက်ခဲနေတာကြောင့် မကျွမ်းကျင်ပေမယ့် အလုပ်ရွေးနေလို့ မရပဲ ရရာ အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်လယ်လောက်ကစ မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ အလုပ်ရှားပါးမှုကြောင့် မြန်မာ လုပ်သားတွေ တရုတ်နယ်စပ်ဘက် အလုပ်ရဖို့ မျှော်လင့်ချက်နဲ့ ရောက်လာကြပြီး ရွှေလီမြို့ထဲမှာတင် မြန်မာလုပ်သား သိန်းချီစုပြုံနေကာ ရှိနေတဲ့ အလုပ်နဲ့ လူဦးရေ ကိုက်ညီမှု မရှိတာကြောင့် လူတိုင်း အလုပ်မရနိုင်တာဖြစ်ကြောင်း၊ သွားလာ အလုပ်လုပ်လို့ ရတဲ့ နေရာတွေလည်း အကန့်အသတ်နဲ့ ဖြစ်တာကြောင့် ရွှေလီမှာပဲ စုပြုံနေကြတာဖြစ်ကြောင်း တရုတ်ဘက်ရောက် မြန်မာတွေဆီက သိရပါတယ်။

Photo:VOM

Related posts

Leave a Comment

VOM News

FREE
VIEW