မန္တလေးမှာ သံဃာ အပါးတသောင်းကျော်ကို ကဆုန်လပြည့်နေ့မှာ ဆွမ်းလောင်းလှူမယ်

မန္တလေး၊ မေ- ၁၀- ၂၀၂၄
SA(VOM)
မန္တလေးမြို့ လေးပြင် လေးရပ်မှာ သီးတင်းသုံးတဲ့ သံဃာတော် အပါးတသောင်းကျော်ကို မေလ ၂၂ ရက် ကဆုန်လပြည့်နေ့ မနက် ၆ နာရီအချိန် ကျုံးပတ်လည်မှာ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီး ဆွမ်းလောင်းလှူမယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။
ကျုံးပတ်လည် ၆၆ လမ်း အရှေ့ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ ၂၆ လမ်း တောင်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ လမ်း ၈၀ အနောက်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ မြောက်ပြင် ၁၂ လမ်းမှာ သံဃာ ၂၅၆၈ ပါး စုစုပေါင်း သံဃာ ၁၀၂၇၂ ပါးတို့ကို ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မနက်မှာ ဆွမ်းလောင်းလှူမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
“ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာ အဲ့ဒီနေ့က ဗုဒ္ဓဟူးနေ့လည်းကျပါတယ်။ အဲ့ဒီနေ့မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူရှင်တွေကနေ မန္တလေးမြို့က သံဃာတော်တွေကို ဆွမ်း၊ ဆွမ်းဟင်းနဲ့ နဝကာမ အလှူငွေတွေကို ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအပြင် မန္တလေးမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူလူထုတွေကပါ လာရောက်လောင်းလှူသွားမှာပါ။ ဗုဒ္ဓနေ့မှာ ဆွမ်းလောင်းလှူတဲ့ ပွဲဲကြီးဖြစ်တာကြောင့် မန္တလေးမြို့မှာနေထိုင်ကြတဲ့ လုပ်သားပြည်သူတွေအနေနဲ့လည်း လာရောက်ပြီး ကုသိုလ်ပြု လောင်းလှူကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ” လို့ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဌာန ဦးစီးမှူး ဦးတင်ထွန်းဦးက VOM ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သာသနာတော်နှစ် ၂၅၆၇ ဖြစ်တဲ့အတွက် ကျုံးမြို့ရိုး တဖက်တချက်မှာ သံဃာ ၂၅၆၇ ပါး စုစုပေါင်း ၁၀၂၆၈ ပါး ကို ဆွမ်းလောင်းလှူခဲ့ပြီး အခုနှစ် ၂၀၂၄ ခုနှစ်မှာ သာသနာတော်နှစ် ၂၅၆၈ ခုနှစ်ဖြစ်တာကြောင့် ကျုံးမြို့ရိုးတဖက်မှာ သံဃာ ၂၅၆၈ ပါး စုစုပေါင်း ၁၀၂၇၂ ပါး ကို ကဆုန်လပြည့်နေ့မှာ ဆွမ်းလောင်းလှူပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နစက လက်ထက်မှာ ဆွမ်းလောင်းလှူပွဲကို ၂၀၂၂ ခုနှစ် ကဆုန်လပြည့်နေ့ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာ ၁၀၂၆၄ ပါးကို စတင်ကာ ပင့်ဖိတ်ပြီးလှူဒါန်းခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာ သုံးကြိမ်မြောက်လှူဒါန်း ပူဇာ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ၂၀၂၂ ခုနှစ် ဆွမ်းလောင်းလှူပွဲ မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW