ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ



မေ ၁၀ – ၂၀၂၄
SN (VOM)

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် ဒေသတည်ငြိမ်မှုမရှိတဲ့ နယ်မြေတွေက ငွေကြေးတတ်နိုင် တဲ့ လူတန်းစားတရပ်ဟာ တိုက်ပွဲရှောင်တဲ့အနေနဲ့ မြို့ကြီးတွေဆီ လာရောက်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံချင်းအိမ်တွေ ငှားရမ်း နေထိုင်လာကြတဲ့အတွက် လက်ရှိမှာ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားများနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“အိမ်ခြံမြေဈေးကွက်ထဲ လက်ရှိကာလမှာကတော့ အရောင်းအဝယ်ဖြစ်တာထက် အငှားကတော့ ပိုဖြစ်လာတယ်။ အခု ကာလက အိမ်ခြံမြေစျေးကလည်း အမြင့်ပိုင်းရောက်နေတာဆိုတော့ ဝယ်ဖို့မလိုက်နိုင်တော့တာကြောင့် အငှားပိုဖြစ်လာတဲ့ သဘောမျိုးလည်း ပါတယ်။ ပြီးတော့ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟချက်တွေကြောင့်လည်း အရောင်းထက် အငှားဈေးကွက်က ပိုဖြစ်နေတာပေါ့။ နောက်တချက်က နယ်ကနေ စစ်ရှောင်ရင်းနဲ့မှ ရောက်လာတဲ့သူတွေကလည်း ရှိနေတော့ ဒီဈေးကွက်က ပိုပြီး သွက်နေတာပေါ့။ ဘယ်နေရာလေးက အိမ်ပဲဖြစ်ဖြစ်၊ တိုက်ခန်းပဲ ဖြစ်ဖြစ် လိုက်ပြသမျှအကုန် Customer က လိုအပ်နေတယ်။ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း အစုံငှားနေရပါတယ်” လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ တိုက်ခန်းငှားရမ်းခ စျေးနှုန်းတွေလည်း မြင့်တက်နေပြီး ကြိုတင်ငွေချေ ငှားရမ်းမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အကျိုးဆောင်တွေရဲ့ အဆိုအရ တလကို ကျပ်နှစ်သိန်းမှ ငါးသိန်းကြား ပေါက်ဈေးရှိတဲ့ အိမ်ခြံမြေ အငှားလုပ်ငန်းတွေဟာ နေရာပေါ်မှုတည်ပြီး အငှားသွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အရင်က ကျပ် တသိန်းသုံးသောင်းဝန်းကျင်ရှိတဲ့ တိုက်ခန်းငှားရမ်းခ ဈေးနှုန်းတွေဟာ လက်ရှိမှာ ကျပ် နှစ်သိန်းဝန်းကျင်အထိ မြင့်တက်နေပြီး ငှားရမ်းစာချုပ်ကိုလည်း တနှစ်စာ ချုပ်လို့မရတော့ဘဲ အများဆုံး ခြောက်လချုပ်သာ လက်ခံနေသလို သုံးလချုပ်တွေလည်း ပြန်လက်ခံနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့တွင်းနဲ့ ပြင်ပမြို့နယ်အများစုရှိ အိမ်ခန်း၊ တိုက်ခန်းတွေအပြင် လုံးချင်း အိမ်ခြံမြေတွေဟာလည်း အငှားလုပ်ငန်း လုပ်ကိုင်လာကြတဲ့အတွက် ရန်ကုန်မြို့ရှိ အိမ်ငှားဈေးကွက်မှာ ကြီးမားကျယ်ပြန့်လျက်ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW