မြောက်ကိုရီးယားနဲ့ တရုတ် ရထားပြေးဆွဲမှုတွေ ပြန်လည်စတင်မယ်

ပြုံးယမ်း၊ ဇူလိုင်-၁၃-၂၀၂၅
မျိုးဆက်(VOM)
မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ မြို့တော်တွေအကြား ခရီးသည်တင်ရထား ပြေးဆွဲမှုတွေကို မကြာခင်မှာ ပြန်လည်စတင်တော့မယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပြေးဆွဲတာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီကလည်းက ရပ်ဆိုင်းခဲ့တာပါ။ ရထားပြေးဆွဲမှုအတွက် နောက်ဆုံးအစီအစဉ်တွေကို လုပ်ဆောင်နေပြီး ဩဂုတ်လကစပြီး ပြန်လည်စတင်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မြောက်ကိုရီးယားမှ တရုတ်သို့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးရည်ရွယ်ချက်နဲ့ လာရောက်မှုတွေဟာလည်း မေလကတည်းက တိုးပွားနေပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်တဲ့ အရိပ်လက္ခဏာဖြစ်ပေမယ့် တခြားအလာအလာတွေအပေါ် သတိထားရမယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ဒါအပြင် မြောက်ကိုရီးယားဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်အရ ရုရှားနဲ့လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုတွေ တိုးမြှင့်နေပြီး မနေ့ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်ဟာ မြောက်ကိုရီးယားကို ရောက်ရှိနေပြီး ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရုရှားကို တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့နေတဲ့ မြောက်ကိုရီးယားကတော့ လက်ရှိ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ဆက်လက်ထောက်ခံတယ်လို့ ကင်ဂျုံအန်က ထပ်မံအတည်ပြုပြောကြားပါတယ်။
ရုရှားအတွက် ဒီလိုကူညီမှုအတွက် အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားဟာ ဒုံးကျည်နဲ့ဂြိုဟ်တု နည်းပညာ၊ ဒရုန်းနည်းပညာတွေကို ရုရှားဆီက ရရှိနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ ဒါအပြင် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ အရေးယူမှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားတို့က ကာကွယ်ပေးလေ့ရှိပါတယ်။
Ref: Korea Joongang daily
Photo: Yonhap

Related posts

Leave a Comment

VOM News

FREE
VIEW