အမြန်လမ်းမကြီး ဝန်းကျင်တလျှောက် ရေကြီးပြီး အိမ်ခြေ ၈၀ ကျော်ဝန်းကျင် ရေထဲမျောပါ

ဇူလိုင် ၁၃ – ၂၀၂၅
SN (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ဝန်းကျင်တလျှောက်မှာ မနေ့ ဇူလိုင် ၁၂ ရက်၊ မနက် အစောပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး တောင်ကျချောင်းရေကြောင့် အိမ်ခြေ အလုံးရေ ၈၀ ကျော်ဝန်းကျင် ရေထဲမျောပါသွားခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အမြန်လမ်း ၁၇၄ မိုင် အနောက်ဘက်မှာ မနေ့ မနက် ၂ နာရီဝန်းကျင်က တောင်ကျရေကြောင့် အိမ်ခြေ ၃၁ လုံး ရေထဲ‌မျောပါသွားခဲ့သလို အမြန်လမ်း အနောက်ဘက်၊ သာဂရလမ်း၊ ၆ မိုင်ကျေးရွာမှာ အိမ် အလုံး ၂၀ ကျော်၊ ၇ မိုင်ကျေးရွာက နေအိမ် ရှစ်လုံး၊ ဇီးဖြူပင်ကျေးရွာက နေအိမ် ၂၂ လုံး ရေစီးနဲ့ မျောပါ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
နေအိမ်တွေ မျောပါသွားတဲ့ မိသားစုဝင်တွေကို ကယ်ဆယ်ရေး ပရဟိတအသင်းတွေက သွားရောက်ကူညီ ရွှေ့ပြောင်းပေးခဲ့ပြီး ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ ၆ မိုင်ကျေးရွာ ဘုန်းကြီးကျောင်းကို ပို့ဆောင်ပေးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
“အိမ်တွေ မျောပါသွားတယ်‌ဆိုတော့ ပြန်လည် ထူထောင်ရေးအတွက်ပဲ အကူအညီတွေ လိုအပ်ပါတယ်။ လောလောဆယ် စားဖို့သောက်ဖို့အတွက်က ဘုန်းကြီးကျောင်းက ဖြေရှင်းပေးနေပါတယ်။ ပရဟိတ အသင်းတွေကလည်း လိုအပ်တဲ့ အစားအသောက်တွေ ပို့ဆောင်ပြီး ကူညီပေးနေပါတယ်။ အိမ်တွေက အလုံးလိုက်ကြီးတွေ မျောပါသွားတော့ ပြန်လည် ထူထောင်ရေးအတွက်ပဲ အကူအညီတွေ လိုအပ်နေတာပါ” လို့ သူက ပြောပါတယ်။
လတ်တလော ကာလဟာ ရေတက်ရက်လည်း ဖြစ်သလို မိုးများပြီး တောင်ကျချောင်းရေ များတာနဲ့ စုဆုံသွားတဲ့အတွက် အခုလို ရေကြီးရေလျှံကာ အိမ်မျောပါမှုတွေ ဖြစ်ပေါ်နေတာလို့ သိရပြီး ရေကျတဲ့အရှိန် ပြင်းပေမယ့် ရေအနက်ကတော့ နည်းပြီး ၃ ပေ၊ ၄ ပေလောက်သာ ရှိတယ်လို့ သူက ပြောပါတယ်။
“လူထိခိုက် ဒဏ်ရာရတာတွေတော့ မရှိပါဘူး။ ဇူလိုင် ၁၁ ရက်နေ့ကတည်းက ကြိုတင်ပြင်ဆင်ထားတော့ ကယ်ချိန် မီသွားတယ်။ အခု အဲဒီက စီးဆင်းလာတဲ့ ရေတွေက တောင်ငူဘက်၊ ပြီးတော့ စစ်တောင်းမြစ်ထဲကို ဆင်းသွားပြီး အခု တောင်ငူ၊ အနောက်ဆင်ရွာမှာ ရေတက်နေပါပြီ။ ကျွန်တော်တို့အခု အနောက်ဆင်ရွာမှာ ကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်” လို့ သူက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၃ ရက်၊ နေ့လယ်ပိုင်းမှာတော့ အနောက်ဆင်ရွာမှာ ရေ ၆ လက်မခန့် ထပ်တိုးနေတာကြောင့် လက်ရှိမှာ ရေဘေး ဒုက္ခသည်တွေကို ကျေးရွာအတွင်းက မြမသီကုန်း ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းထားရှိတယ်လို့ သိရပါတယ်။
“ရေက ထပ်တိုးနေပေမယ့် လောလောဆယ်တော့ စိုးရိမ်စရာ မရှိသေးပါဘူး။ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့အပြင် နောက်ထပ် အဖွဲ့နှစ်ဖွဲ့လည်း ရောက်နေပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်” လို့ ပရဟိတအသင်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။
တောင်ကျ ချောင်းရေတွေဟာ မနေ့ ဇူလိုင် ၁၂ ရက်က စတင်ပြီး အမြန်လမ်း သာဂရ ၉ မိုင်ဘက်ကနေ သိုင်းချောင်း၊ ဆွာချောင်းတို့မှတဆင့် စစ်တောင်းမြစ်ထဲကို စီးဝင်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပြီးတော့ ပေါင်းလောင်းဆည်ဘက်က ဆင်းတဲ့ ရေတွေရော၊ နေပြည်တော်ဘက်က ဆင်းတဲ့ ရေတွေရော အကုန်လုံးက စစ်တောင်းမြစ်ထဲ ဝင်လာလို့ အဲဒီမှာလာပြီး ရေတက်နေတာ။ အောက်က မဒေါက်မြစ်က ရေတက်ပြီးတော့ ရေစီးရေခံနေတဲ့အတွက် စစ်တောင်းမြစ်ရေက မဆင်းဘဲနဲ့ အပေါ်မှာ လျှံတက်နေတဲ့သဘော ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ရေကြီးမှုကြောင့် မနေ့ ဇူလိုင် ၁၂ ရက်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ ရန််ကုန် – မန္တလေး လမ်းဟောင်း ကားလမ်း လမ်းမကြီးရဲ့ နေရာ သုံးနေရာကိုလည်း ရေကျော်ခဲ့ပြီး ကားလေးတွေနဲ့ ဆိုင်ကယ်တွေ သွားလာရေး ခက်ခဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လမ်းပေါ် ရေကျော်နေတုန်းကတော့ ရေစီးအား တအားကြမ်းတယ်။ အခုကတော့ နည်းနည်းချင်း ပြန်ကျနေပါပြီ။ တောင်ဘက် ရေနီအဝင် အမှတ် (၁) ရပ်ကွက်၊ ကွက်သစ်ပိုင်းဆိုရင်လည်း အိမ်တွေ၊ ဆိုင်တွေ မြုပ်ကုန်တယ်။ အထက်တန်း ကျောင်းလမ်းထိပ်ဘက်လည်း ကားလမ်း ရေကျော်တယ်” လို့ ရေနီမြို့မှာ နေထိုင်သူ တယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၁၃ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်မှာ ရောက်ရှိနေပြီး နောက်တရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မဒေါက်မြို့မှာလည်း စစ်တောင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ၃ လက်မခန့် ကျဆင်းလာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ – ဒေသခံ/ ပရဟိတအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW