ထားဝယ် – မြိတ် ကားလမ်းပိုင်း ရက်ရှည်ပိတ်နေလို့ မြိတ်မြို့မှာ ကုန်စိမ်းဈေး သုံးဆနီးပါးတက်


မေ ၁၂ – ၂၀၂၄
SN (VOM)

တိုက်ပွဲကြောင့် ထားဝယ် – မြိတ် ကားလမ်းပိုင်း ရက်ရှည်ပိတ်နေလို့ မြိတ်မြို့မှာ ကုန်စိမ်းဈေး သုံးဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက နကစရဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ချိန်ကစလို့ ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်း ပိတ်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အဲဒီလမ်းပိုင်းမှာ နှစ်ဖက် အတက်၊ အဆင်းယာဉ် အစီးရေ ရာနဲ့ချီ ပိတ်မိနေတာမှာ အဲဒီယာဉ်တွေထဲ ကုန်စိမ်းကားတွေလည်း ပါဝင်နေတာကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲနေပြီး ကုန်စိမ်းစျေးနှုန်းတွေ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ကုန်စိမ်းဈေးက သိသိသာသာကို တက်သွားတာ။ တခါမှ မကြုံဖူးတဲ့ဈေး ဖြစ်သွားပြီ။ ဂေါ်ဖီထုပ် တထုပ်ကိုတောင် ၇၀၀၀ ပေးဝယ်နေရတယ်။ ပဲသီးတောင့် ကိုးတောင့်ပါ တစီးကို ၇၀၀ ဖြစ်နေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ ကုန်စိမ်း အားလုံးနီးပါး ဈေးမြင့်တက်နေတာဖြစ်ပြီး အရင်က တစည်း ကျပ် ၂၀၀ လောက်သာ ပေးရတဲ့ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်ဈေးဟာ လက်ရှိမှာ ကျပ် ၅၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေသလို ငရုတ်သီးစိမ်း နို့ဆီဘူး တဘူးကို အရင် ကျပ် ၁၀၀၀ ဝန်းကျင်ကနေ အခု ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးတက်လာတယ်လို့ သိရပါတယ်။

တခြား သိုလှောင်ထားလွယ်တဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ ကုန်ခြောက်ပစ္စည်းတွေကတော့ သိသိသာသာဈေးတက်လာတာမျိုး မရှိသေးဘဲ နေ့စဉ် တင်သွင်းရတဲ့ ကုန်စိမ်း‌ဈေးနှုန်းတွေသာ အဓိက ဈေးမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ကားလမ်းပိုင်း ပိတ်မိနေရာမှာ ရောက်ရှိနေတဲ့ ကုန်တင်ယာဉ်မောင်းတယောက်က “ကားလမ်းက ဘယ်အချိန် ပြန်ဖွင့်မလဲ မသိသေးဘူး။ ကျွန်တော်တို့ ဒီ လမ်းကြောင်းပေါ်မှာ ရောက်နေတာ ခုဆို တပတ်ကျော်ပြီ‌ပေါ့။ ရက်ရှည်ပိတ်နေတာဆိုတော့ ကုန်တင်ယာဥ်တွေ ရောက်ရမယ့်နေရာ အချိန်မီ မရောက်နိုင်ဘူးပေါ့။ မြိတ်က ကုန်စိမ်းတွေက ရန်ကုန်ကပဲသွားတာများတယ်။ လမ်းမှာ ရက်ကြာလာတော့ ကုန်စိမ်းတွေအကုန် ပုပ်ကုန်ပြီ။ အဲဒီလိုပဲ အသားငါး တင်လာတဲ့ ကားတွေက အသားငါးတွေလည်း ပုပ်ကုန်ပြီ” လို့ ပြောပါတယ်။

ဒေသတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်ဖို့နဲ့ ပိတ်မိနေတဲ့ ခရီးသည်တွေ ဘေးကင်းရာကို အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် လက်ရှိ ပိိတ်ထားတဲ့ လမ်းပိုင်းတွေကို ယာယီဖွင့်လှစ်ပေးဖို့ ခရီးသည်တွေနဲ့ ယာဉ်လိုင်း တာဝန်ခံတချို့က တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW