ကဘော်ချိုင့်ဝှမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ဟုမ္မလင်း – တမူး ကားလမ်း ပိတ်ထား

 

မေ ၊ ၁၃ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း – တမူး ကားလမ်းမှာ ပြီးခဲ့တဲ့ မေ ၇ ရက်ကနေ ၊ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လမ်းပိတ်ခံထားရပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေနဲ့ ယာဥ်သွား ၊ ယာဥ်လမ်းတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တမူးနယ်ခံတယောက်က
” တမူးမြို့နယ်မှာ ကုန်သွယ်ရေး ထွက်ပေါက် သုံးလမ်းရှိတယ် ၊ အဲ့ဒါတွေကတော့ ကလေ – တမူး ကားလမ်း ၊ တမူး – ဟုမ္မလင်း ကားလမ်းနဲ့ ရေကြောင်းကနေ တမူး – ယုဝ ( မော်လိုက်) လမ်းဆိုပြီး ရှိတယ် ၊ ကလေး – တမူး ကားလမ်းက ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကနေ ဒီကနေ့အထိ ပိတ်ထားတယ် ၊ ကလေးမြို့ကနေ ထင်းစင်ရွာအထိ ကားသွားလို့ရတယ် ၊ ထင်းစင်ရွာကနေ တမူးမြို့အထိ တောထဲကွင်းလမ်းကနေ ဆိုင်ကယ် ကယ်ရီနဲ့ သွားရတယ် ၊ ခရီးသည်တယောက်ကို အနည်းဆုံး သုံးသိန်းလောက်ကုန်ကျတယ် ၊ ရေကြောင်းလမ်းအတိုင်း သွားရင် စစ်ဆေးရေး ဂိတ်တွေများတော့ စက်လှေတွေ မသွားရဲကြဘူး ၊ နောက်ပြီး တမူး – ဟုမ္မလင်း ကားလမ်းမှာရှိတဲ့ မြို့သစ်မြို့နယ်ခွဲမှာ နစက တပ်ဖွဲ့နဲ့ PDF တွေတိုက်ပွဲဖြစ်နေတာကြောင့် လမ်းပိတ်ထားတယ် ၊ တမူးနယ်ရဲ့ ကုန်သွယ်မှု ထွက်ပေါက်လမ်းပိုင်းအားလုံး ပိတ်ဆို့ခံထားရတယ် ၊ ဒါ့ကြောင့် တမူးနယ်မှာ ကုန်စည်ပြတ်လပ်မှုနဲ့ ကုန်စျေးနူန်းကြီးမြင့်တွေ ကြုံနေရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဟုမ္မလင်းနယ်ခံတယောက်က
” တမူးမြို့နယ်မှာ ရှမ်းနီတိုင်းရင်းသားတွေ ၄၀ ရာခိုင်နူန်းကျော်နေထိုင်တယ် ၊ အများစုက ဟုမ္မလင်းနယ်နဲ့ ကုန်ရောင်း ကုန်ဝယ်လုပ်ကြတယ် ၊ အခုနောက်ပိုင်း တမူးနယ်မှာ ရှမ်းနီပြည်သူ့စစ်တွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း ၊ တမူးနယ်ခံ ရှမ်းနီတိုင်းရင်းသားတွေ အသွားအလာ စောင့်ကြည့်ခံနေရတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့သစ်မြို့နယ်ခွဲ တိုက်ခိုက်ခံရတယ် ၊ အဲ့ဒါကြောင့် တမူး – ဟုမ္မလင်း လမ်းပိုင်းပြတ်တောက်သွားတယ် ၊ အခုတော့ သွားလာလို့ မရဘူး ” လို့ ပြောပါတယ်။

အရင်က အိန္ဒိယဘက်ခြမ်း မိုရေးကနေ ဝယ်ခြမ်းလို့လွယ်ပေမယ့် ခုတော့ ဂိတ်တွေမှာ စစ်ဆေးရေးထူထပ်တာကြောင့် ခိုးပေါက်တွေကနေသာ အနည်းငယ် ဝင်ထွက်ပြီး ခက်ခက်ခဲခဲ စျေးဝယ်နေရတယ်လို့ နယ်ခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်ကနေ ၁၁ ရက်အထိ တမူးမြို့နယ် ၊ မြို့သစ်မြို့နယ်ခွဲမှာ နစက အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး မြို့သစ်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင် ၊ ဒရဲအုပ် ကျော်ကျော်လွင်နဲ့ ဒုရဲအုပ် မျိုးသန့် အပါအဝင် ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် လက်နက်ချခဲ့တယ်လို့ ဒေသတွင်း လူမှုကွန်ရက်တွေပေါ်မှာ သတင်းထုတ်ပြန်ထားတာေတွ့ရပါတယ်။

အဲ့ဒီ ကဘော်ချိုင့်ဝှမ်း ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့ကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်က မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပေါ်က တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ထိန်းချုပ်ထားခဲ့ပါသေးတယ်။

VOM Telegram Channel:

Related posts

Leave a Comment

VOM News

FREE
VIEW