ပုလောမြို့နယ် ထမင်းမစားရွာတိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေ ရိက္ခာပြတ်လပ်မှာကို စိုးရိမ်နေကြ



မေ ၁၄ – ၂၀၂၄
SN (VOM)

ထမင်းမစားရွာတိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံတွေအနေနဲ့ တိုက်ပွဲ ရက်ကြာလာတာနဲ့အမျှ ရိက္ခာပြတ်လပ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မြိတ် – ထားဝယ် ကားလမ်းမပေါ် မှာရှိတဲ့ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ အခု မေလ ၅ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေတာဟာ လက်ရှိမှာ ရက်ပေါင်း ၁၀ ရက်တိတိ ကြာမြင့်လာပြီ ဖြစ်ပါတယ်။

အဲဒီ တိုက်ပွဲကြောင့် လိပ်သောင်၊ လယ်ဖက်၊ ထမင်းမစား စတဲ့ ကျေးရွာ သုံးရွာက ဒေသခံတွေဟာ တိုက်ပွဲကြား ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီက ရွာတွေက ပင်လယ်နဲ့နီးတဲ့ ရွာတွေဆိုတော့ ရေထွက်ကုန်တွေပဲ အဓိက ပေါများတာ။ တိုက်ပွဲကြာလာရင် တခြားဒေသတွေက တင်သွင်းနေရတဲ့ ဟင်းသီးဟင်းရွက်နဲ့ ဆန်တွေ၊ မီးဖိုချောင်းသုံးပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးတက်လာမှာကို အားလုံးက စိုးရိမ်နေကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ရွာတွေဟာ ကုန်းလမ်းကို အသုံးပြုလို့ မရတော့တာကြောင့် ရေလမ်းကိုသာ အဓိက အသုံးပြုနေရတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ထမင်းမစားကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၃၉၀ စုရှိပြီး လိပ်သောင်ကျေးရွာအုပ်စုမှာတော့ အိမ်ထောင်စု ၅၃၀ ကျော်ရှိကာ လယ်ဖက်ကျေးရွာဟာလည်း လိပ်သောင်ကျေးရွာအုပ်စုမှာ ပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် မနေ့ မေ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ် တိုက်ပွဲကြောင့်လည်း လက်ရှိမှာ နစကဘက်က မြို့အဝင်အထွက် လမ်းကြောင်းအားလုံးကို ပိတ်ထားတယ်လို့ သိရပါတယ်။

အိမ်ရှေ့ပြင်စစ် ဆေးရေးဂိတ်မှာ ၃ နာရီနီးပါး ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် နစကဘက်က မနေ့ မေ ၁၃ ရက်၊ နေ့လယ်ပိုင်းကစပြီး တံတားတွေအပါအဝင် ထားဝယ်မြို့ အဝင်အထွက် လမ်းကြောင်းတွေကိုပါ ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပိတ်ထားတဲ့ ကမြောကင်းတံတား၊ ပေါက်တိုင်းတံတား၊ ဗျောတောဝဂိတ်နဲ့ အပစ်ခတ်မှုဖြစ်ခဲ့တဲ့ အိမ်ရှေ့ပြင် စခန်းဂိတ်ဟာ ထားဝယ်မြို့ရဲ့ အဝင်ဂိတ် လေးခုဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အဝင်အထွက်ဂိတ်တွေကို ဘယ်အချိန်အထိ ပိတ်ထားမယ်ဆိုတာ မသိရသေးသလို လက်ရှိ ထားဝယ်မြို့ အခြေအနေနဲ့ ပတ်သက်လို့လည်း နစကဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW