သံတွဲမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၁ ယောက်သေဆုံး



မေ ၁၅ -၂၀၂၄
GG(VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အေအေနဲ့ နစကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံးမှု ၁၁ ယောက်အထိရှိနေတယ်လို့ သိရပါတယ်။

မနေ့ကမေလ ၁၄ ရက်နေ့မှာ လင်းသီရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး ကိုးယောက်သေဆုံးခဲ့သလို ရွှေလှေရွာမှာလည်းလက်နက်ကြီးထိမှန်ပြီးတယောက်သေဆုံးကာ မေလ ၁၃ ရက်မှာလည်း အောက်နတ်မှော်ရွာမှာ လက်နက်ကြီးထိမှန်ပြီး တယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” လင်းသီရွာမှာ မနေ့ကတိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတယ် လူ၇ယောက်ပွဲချင်းပြီးသေတယ်၊အိမ်နှစ်လုံးပျက်စီးတယ်၊သံတွဲဆေးရုံကိုခေါ်လာတယ် လမ်းမှာနှစ်ယောက်ထပ်သေတယ်၊စုစုပေါင်းကိုးယောက်ပေါ့။နောက်ပြီးတနေ့ကလည်းအောက်နက်မှော်ရွာထဲကိုလက်နက်ကြီးကျည်ကျတယ် လက်နက်ကြီးထိသူတွေကိုဆေးရုံခေါ်လာတယ်၊ဒီမနက်မှာတယောက်ဆုံးတယ်၊ နှစ်ရက်အတွင်းမှာ ၁၀ယောက်ဆုံးသွားတယ် ” လို့ သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။

လင်းသီရွာကသေဆုံးသူတွေကတော့ ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄၇) နှစ်နဲ့ ဒေါ်မမေလီရန် (၇၅) နှစ်၊ ဒေါ်သန်းသန်း (၆၃) နှစ်၊ ဒေါ်မညံ့ (၅၅) နှစ်ဖြစ်ပြီး ရွှေလှေကျေးရွာမှသေဆုံးသူက ဒေါ်သန်းမြင့်တို့ဖြစ်ကာ အောက်နတ်မှော်ရွာမှ သေဆုံးသူကတော့ ဒေါ်ကြွင်းတင်ဆိုသူဖြစ်တယ်လို့သိရပါတယ်။

လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရသူတွေလည်းရှိနေသေးပြီး လက်ရှိမှာ ဒဏ်ရာရသူတွေကို သံတွဲဆေးရုံမှာကုသမှုပေးနေတယ်လို့သိရပါတယ်။

ဒီနေ့မှာတော့ လင်းသီရွာ၊သပြုချိုင် အပါကျေူရွာအချို့မှာတိုက်ပွဲတွေပြင်းထန်နေပြီး ရွာသားတွေလည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။

“ဒီနေ့တော့လင်းသီဘက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်၊ဆက်သွယ်ရေးတာဝါတိုင်တွေလည်းအလုပ်မလုပ်တော့ဘူးကြားတယ်၊ရွာသားတွေနဲ့အဆက်အသွယ်ပြတ်နေတယ်။ ဒေါ်မြရွာနဲ့အခုဖြစ်နေတဲ့လင်းသီးရွာက ၁မိုင်၂မိုင်လောက်ပဲဝေးတယ်။သံတွဲ တောင်ကုတ်လမ်းမပေါ်ပဲ၊ သူဌေးရေအားလျှပ်စစ်ရှိတဲ့ရွာနားတွေမှာတိုက်ပွဲဆက်ဖြစ်နေတာ ” လို့ သံတွဲမြို့ခံကထပ်မံပြောပြပါတယ်။

တိုက်ပွဲတွေပြင်းထန်လာတာကြောင့် တိုက်ပွဲဖြစ်ပွားဝန်းကျင်က ဒေသခံတွေဟာ နီးစပ်ရာရွာတွေမှာ စစ်ရှောင်နေကြရတဲ့အတွက် အကူအညီတွေလိုအပ်နေကြောင်း၊ မြို့ထဲကိုဝင်ရောက်ဖို့လမ်းတွေပိတ်နေတာကြောင့် မြို့ ပေါ်ကို စစ်ရှောင်လာသူရှိပေမယ့် နည်းနေပါတယ်။

သံတွဲမြို့နယ်ထဲကရွာတွေမှာ တိုက်ပွဲတွေက ဧပြီလ ၂၂ ရက်နေ့ကစပြီးဖြစ်ပွားလာတာ ဒီနေ့အထိဖြစ်ပြီး တဖြေးဖြေးပြင်းထန်လာနေတာကြောင့် သံတွဲမြို့ပေါ်မှာပါ လူသွားလူလာရှင်းပြီး မြို့ပေါ် နေထိုင်သူအချို့ပါ စစ်ရှောင်မှုတွေရှိလာတယ်လို့သိရပါတယ်။

လက်ရှိအချိန်တော့ သံတွဲ- ဂွ- ငါးသိုင်းချောင်းလမ်းကနေ ကားသေး၊ကားကြီးကို ထောက်ခံစာ၊ကြိုတင်ခွင့်ပြုချက်ရယူပြီး စိစစ်ကာသွားလာခွင့်ပြုထားဆဲဖြစ်ပေမယ့်လမ်းတလျှောက်စစ်ဆေးရေးဂိတ်တွေပိုများလာပြီး အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW