ရေစကြိုမှာ ကျောင်းအုပ်ဆရာကြီးနဲ့ ၊ ကျောင်းအုပ် ဆရာမကြီး လင်မယား အသတ်ခံရ



မေ ၊ ၂၀ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်မှာ မေ ၁၈ ရက်က နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ၊ ညပိုင်းမှာ ရေစကြိုမြို့ပေါ်က အငြိမ်းစား ကျောင်းအုပ်ဆရာ ၊ ဆရာမ လင်မယားနှစ်ယောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် ၊ ကျောက်ထပ်ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ PDF စခန်းတခု သိမ်းခံရတယ် ၊ ညပိုင်းကျတော့ ရေစကြိုမြို့ပေါ်မှာ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ အသတ်ခံရတဲ့သူတွေက စာတိုက်နားမှာ နေတဲ့ ကျောင်းအုပ် ဆရာကြီး ဦးအောင်ခင်နဲ့ သူ့မိန်းမ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်တင့် ဆိုတဲ့သူနှစ်ယောက် နေအိမ်ထဲမှာ အသတ်ခံရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ညက ရေစကြိုမှာ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်တယ် ၊ သွားရောက်စစ်ဆေးနေဆဲဆိုတော့ ဖြစ်စဥ်အသေးစိပ် မသိရသေးဘူး ၊ မနေ့က ညနေပိုင်း ကျောက်ထပ်ရွာနားမှာ နယ်မြေရှင်းလင်းတဲ့အခါ PDF စခန်းတခု ၊ လက်လုပ်စိန်ပြောင်း ၁ လက် ၊ ၅ ဂါလံပုံးမိုင်း ၆ လုံး ၊ သံပုံးမိုင်း ၁ လုံး ၊ ယမ်းကြိုး ၁ ခွေ ၊ ယမ်း ၂ ပိဿာ ၊ အိုင်ကွန် ၁ လုံး ၊ ဆက်သွယ်ရေးမြောင်း ၁ ခု ၊ လူနေတဲ ၃ လုံး ၊ မီးဖိုတဲ ၁ လုံး သိမ်းဆည်းရမိတာရှိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့နယ် ၊ မြေဖြူရွာ လူသတ်မှုဖြစ်ပွားတဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဂွေးချို ပြည်သူ့စစ် စခန်း ၊ ဆင်မရဲ ပြည့်စစ် စခန်း ၊ ဆင်ချောင်း ပြည်သူ့စစ် စခန်းနဲ့ ဟင်္သါ ပြည်သူ့စစ် စခန်းတို့ကို ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၄ ရက် ညနေပိုင်းက ရေစကြိုမြို့နယ် ၊ မြေဖြူကျေးရွာနားမှာ ကိုကျော်ဆန်းလွင် အပါအဝင် လူ လေးယောက် အသတ်ခံရပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW