သပိတ်ကျင်းနယ်မှာ ဒီရက်ပိုင်းအတွင်း လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရသလို လူသတ်မှုတွေလည်း အဖြစ်များလာ


မေ ၊ ၂၀ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ သပိတ်ကျင်းခရိုင် ၊ သပိတ်ကျင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရသလို ၊ လူသတ်မှုတွေလည်း အဖြစ်များလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မန္တလေးတိုင်းရဲ့ မြောက်ပိုင်းလမ်းဖြစ်တဲ့ သပိတ်ကျင်းမြို့နယ် ၊ မန္တလေး – ဗန်းမော် ကားလမ်း နဲ့ မန္တလေး – မိုးကုတ် ကားလမ်းပိုင်း နေရာတချို့ ပိတ်ဆို့ခံထားရတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ် ၊ ဒီရက်ပိုင်းမှာ သပိတ်ကျင်းနယ်မှာ လူသတ်မှုတွေအဖြစ်များလာလို့ လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးတယ် ၊ မန္တလေး – ဗန်းမော်ကားလမ်း ၊ ကြာညှပ် – တကောင်း – မြတောင်လမ်း အခုထိ သွားလာဖို့ ခက်ခဲနေဆဲဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

မန္တလေး – ဗန်းမော် ကားသမားတယောက်က
” လမ်းတွေ ပိတ်ဆို့ထားတယ် ၊ နောက်ပြီး စစ်ဆေးရေး ဂိတ်တွေလည်း ရှိတယ် ၊ ဂိတ်တွေကတော့ တကောင်းနဲ့ လေးမိုင်အကွာ နောင်လုံ သံတံတားမှာ ဂိတ်ရှိတယ် ၊ အဲ့ဒီ အပြင် တကောင်းနဲ့ ငါးမိုင်းလောက်ဝေးတဲ့ နေရာမှာရှိတဲ့ ပေါ်တော်မူရွာ အလယ်တန်းကျောင်းမှာ တဂိတ်ရှိတယ် ၊ နောက်ပြီး တကောင်းနဲ့ ရှစ်မိုင်အကွာ မြတောင်ရွာနားမှာ တဂိတ်ရှိတယ် ၊ ကြာညှပ်နယ် လက်ပံကုန်းရွာထိပ်မှာ တဂိတ်ရှိတယ် ၊ နောက်ပြီး မင်းကုန်းရွာထိပ်မှာ တဂိတ်ရှိတယ် ၊ ကြာညှပ်နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကိုးပင်ရွာထိပ်မှာ တဂိတ်ရှိတယ် ၊ အဲ့ဒါကြောင့် သပိတ်ကျင်းနယ်ထဲမှာ PDF / KIA ဂိတ် ခုနှစ်ဂိတ်ထက်မနည်းရှိတယ်၊ အဲ့ဒီ လမ်းကြောင်းမှာ ဌာနဆိုင်ရာကားတွေ သွားလာလို့ မရဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် သပိတ်ကျင်းနယ် မန္တလေး မိုးကုတ် ကားလမ်းမှာရှိတဲ့ နွယ်ရုံ ၊ ချောင်းကြီး ၊ ကျည်တောက်ပေါက် စတဲ့ ကျေးရွာဘက်က စားသောက်ဆိုင်တွေမှာ လူသတ်မှုလာတယ်လို့ သိရပါတယ်။

​မေ ၁၈ ရက် မနေ့ကည ၈ နာရီဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ် ၊ ကျည်တောက်ပေါက်ကျေးရွာမှာရှိတဲ့ ဝင်းမင်းထိုက် စားသောက်ဆိုင်နားမှာ ကိုမျိုးခိုင်ဆိုသူ အသတ်ခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးကုတ်သူ လက်ဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး သတ်ခံရပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW