သံတွဲမှာ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးနူန်းမြင့်လာသလို စစ်ရှောင်တွေပါတိုးလာနေ



မေ ၂၀- ၂၀၂၄
GG (VOM)

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်ထဲက ကျေးရွာအချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနေပြီး လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ကိုးယောက်ထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

AA နဲ့ နစကတပ်တွေအကြားတိုက်ပွဲက ရွှေလှေ၊ လင်းသီ၊ နတ်တောင်မော် ရွာတွေဘက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး မေလ ၁၈ ရက်နေ့ညနေပိုင်းမှာ နတ်တောင်မော် ရွာထဲကိုလက်နက်ကြီးကျရောက်ပေါက်ကွဲကာ ရွာသားကိုးယောက်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” ပွဲချင်းပြီး ခြောက်ယောက်သေတယ်၊သုံးယောက်ဒဏ်ရာရတယ်၊ဒဏ်ရာရသူတွေကလည်းဆေးရုံပို့ဖို့ခေါ်လာပေမယ့် ထပ်ဆုံးသွားတယ်။အားလုံးပေါင်း ကိုးယောက်ပေါ့၊လင်းသီကမြို့နဲ့၁၈ မိုင်လောက်ဝေးမယ်၊နတ်တောင်မော်ကတော့၉ မိုင်လောက်ပဲဝေးတယ်။တိုက်ပွဲဖြစ်ရင်မြို့ပေါ်က ကိုနေ့တိုင်းကြားရတယ်။ဒီနေ့မကြားရဘူး ” လို့ သံတွဲဒေသခံကပြောပြပါတယ်။

လက်ရှိဒီနေ့မနက်ပိုင်းမှာတော့ သံတွဲကရွာတွေဘက်မှာ လက်နက်ကြီးပစ်ခတ်ခြင်းမရှိဘဲ တိုက်ပွဲငြိမ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း လင်းသီးရွာ၊ရွှေလှေရွာ၊ အောက်နတ်မှော်ရွာထဲမှာ လက်နက်ကြီးကျည်ကျရောက်လို့ ဒေသခံအရပ်သား ၁၁ ယောက်
လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့သလို နေအိမ်တွေလည်းပျက်စီးမှုရှိကာ ရွာလုံးကျွတ်နီးပါး လည်းအရေးပေါ်စစ်ရှောင်နေရတယ်လို့ ဒေသခံကပြောပါတယ်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေက ဒေသခံရွာသားတွေအနေနဲ့ မြို့ပေါ်ကိုစစ်ရှောင်ဖို့အတွက် ကားလမ်းကအသုံးပြုလို့မရတာကြောင့် နီးစပ်ရာကျေးရွာတွေမှာအများဆုံးစစ်ရှောင်နေရပြီး မြို့ပေါ်ကိုစစ်ရှောင်သူအနည်းငယ်သာရှိတယ်လို့သိရပါတယ်။

သံတွဲအပြင် ဘူးသီးတောင်၊မောင်တောမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး မြေပုံ၊စစ်တွေ၊ရသေ့တောင်မြို့နယ်တွေမှာတော့ မြေမြှုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆု​ံးမှုတွေရှိနေကြောင်း၊ ကျောက်တော်အပါအဝင်ဒေသအချို့မှာတော့လေကြောင်းပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီး သေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ၁၃ ရက်နေ့ကစပြီး AA နဲ့စစ်တပ်အကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုဆိုရင် တိုက်ပွဲကာလ ၆ လကျော်အထိကြာမြင့်လာပြီး AA ဘက်ကလည်း ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ကျောက်တော်၊မင်းပြား၊အပါအဝင်မြို့ အချို့ကိုထိန်းချုပ်ထားပြီး ချင်းပြည်နယ်က ပလက်ဝမြို့ကိုလည်းထိန်းချုပ်ထားပါတယ်။

တိုက်ပွဲကာလကြာမြင့်မှုနဲ့အတူ လက်နက်ကြီး ကျည်ထိမှန်ပြီး အရပ်သားပြည်သူသေဆုံးမှုအများအပြားရှိပြီး ထိခိုက်ဒဏ်ရာရသူလည်းရှိကာ နေအိမ်၊သာသနိကအဆောက်အအုံး၊ဘာသာရေးအဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင်တိုက်ပွဲကာလ၆လ ကျော် အတွင်း ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်သုံးသိန်းကျော်အထိရှိပြီး စစ်ရှောင်တွေအချို့မှာမသန့်ရှင်းတဲ့ရေကြောင့်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေအပါအဝင် စစ်ဘေးရှောင်တွေ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ များစွာနဲ့ ရင်ဆိုင်နေရပြီး ရိက္ခာ၊ ဆေးဝါး ပြတ်လပ်မှုဖြစ်နေတဲ့အပြင်ကုန်စျေးနူန်းအဆမတန်မြင့်တက်မှုကိုခံစားနေကြရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW