အီရန်သမ္မတ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ပျက်ကျ၊ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်ဆောင်နေ

တီဟီရန်၊ မေ-၂၀-၂၀၂၄
မျိုးဆက်(VOM)
အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အာမီယာအဗ္ဗဒူလာဟီယန်တို့ လိုက်ပါသွားသော ရဟတ်ယာဉ်ဟာ နိုင်ငံမြောက်ပိုင်းမှာ မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ရဟတ်ယာဉ်သုံးစင်းအနက် သမ္မတတို့လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ မြူတွေကြားမှာ ခက်ခဲစွာမြေပြင်ကို ဆင်းသက်ခဲ့ရတဲ့အခြေအနေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ခက်ခဲတဲ့ ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
သမ္မတရိုင်စီဟာ အီရန်-အဇာဘိုင်ဂျန်နယ်စပ်ကနေ ပြန်လာပြီးနောက် အီရန်အနောက်မြောက်ဘက်ရှိ တာဘရစ်ဇ်မြို့ကို ဦးတည်သွားရောက်နေစဉ် ရဟတ်ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ရဟတ်ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေ၊ တည်နေရာနဲ့ အခြေအနေကို အသေးစိတ်အတည်ပြုလို့မရသေးဘူးလို့ အီရန်အာဏာပိုင်တွေကဆိုပါတယ်။
အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက သမ္မတနဲ့တာဝန်ရှိသူတွေ ပြန်လာဖို့မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး သူတို့အတွက် ဆုတောင်းပေးကြဖို့ အီရန်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
တူရကီ မောင်းသူမဲ့လေယာဉ်တစင်းဟာ ရဟတ်ယာဉ်အပျက်အစီးလို့ ယူဆရတဲ့နေရာကို တွေ့ရှိခဲ့ပြီး တည်နေရာ ကိုဩဒိနိတ်တွေကို အီရန်အာဏာပိုင်တွေထံ မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်အပေါ် လိုက်ပါသွားတဲ့ အမှုထမ်းတယောက်၊ ခရီးသည်တယောက်တို့နဲ့ ကယ်ဆယ်ရေးသမားတွေ အဆက်အသွယ်ရရှိထားတယ်လို့ အီရန်ကြက်ခြေနီအဖွဲ့က ပြောဆိုထားပြီး ရုရှားအပါအဝင်အခြားနိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေးတွေအတွက် ကမ်းလှမ်းထားပါတယ်။
Ref:BBC/Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW