မန္တလေး တံတားဦး စုပေါင်းစစ်ဆေးရေး ဂိတ်မှာ လက်နက်တွေသယ်လာတဲ့ ကားနှစ်စီး ဖမ်းခံရ

မေ ၊ ၂၅ ၊ ၂၀၂၄
SP ( VOM)
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့ ၊ စုပေါင်းစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က လက်နက်တွေ သယ်ယူလာတဲ့ ကားနှစ်စီးကို ဖမ်းဆီးရမိတယ်လို့ အဲ့ဒီ ဂိတ်နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။
” ပထမ ဖြစ်စဥ်က အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက် ပေါင်း နှစ်ယောက် မောင်းလာတဲ့ Honda Insight ကားတစီးကို ဂိတ်အဖွဲ့က တားဆီးစစ်ဆေးတယ် ၊ အဲ့ဒီလို စစ်ဆေးတဲ့အခါ ကားဘန်ကာ နောက်ပိုင်းက သိုဝှက်ယူလာတဲ့ M-22 သေနတ် ၈ လက် ၊ Beretta ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၂၅ ခု ၊ ကျည် ၆၅၀ တောင့်၊ သေနတ် မောင်းတုံး ၂ ခု ဖမ်းဆီးရမိတယ်။ အဲ့ဒီနောက် ဖမ်းမိသူ နှစ်ယောက်ရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ စုပေါင်းဂိတ်အဖွဲ့က နောက် ထပ် Honda Insight ကားတစီးကို ထပ်မံစောင့်ဆိုင်း ဖမ်းဆီးတဲ့အခါ ကားတစီးနဲ့ အမျိုးသား နှစ်ယောက် နောက်ထပ်ဖမ်းမိတယ် ၊ ဒုတိယအကြိမ် ဖမ်းမိသူတွေဆီက ကားရဲ့နောက်ဘန်ကာမှာ သိုဝှက်သယ်ယူလာတဲ့ MA-3 ပုံဟောင်း သေနတ် ၁ လက် ၊ Sigsauer ပစ္စတိုသေနတ် ၁၀ လက် ၊ Sur M9 ပစ္စတိုသေနတ် ၁ လက် ၊ Glock ပစ္စတိုသေနတ် ၂ လက်၊ ISSC ပစ္စတိုသေနတ် ၂ လက် ၊ ကျည်အိမ်မျိုးစုံ ၃၁ ခု ၊ ကျည် ၅၅၀ တောင့် ထပ်မံဖမ်းဆီးရမိတယ်။ အဲ့ဒီနောက် သူတို့ရဲ့ ထွက်ဆိုချက်အရ အဲ့ဒီ လက်နက်ခဲယမ်းတွေဟာ မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ ကားဘော်ဒီရုံတစ်ခုသို့ ပို့ဆောင်ရမယ်လို့ သိရပြီး ဖမ်းဆီးရေးအဖွဲ့က အဲ့ဒီ ကားဘော်ဒီအလုပ်ရုံကို သွားရောက်စစ်ဆေးတယ် ၊ အဲ့ဒီလို စစ်ဆေးတဲ့အခါ ကားဘော်ဒီ အလုပ်ရုံကနေ အမျိုးသားတယောက်နဲ့ ၊ M-4 သေနတ် ၅ လက် ၊ M-16 သေနတ် ၂ လက် ၊ Type-56 သေနတ် ၁ လက် Glock ပစ္စတို ၅ လက် ၊ CZ ပစ္စတို ၁ လက် ၊ ကျည်အိမ်မျိုးစုံ ၂၀ ခု တတိယအကြိမ် ထပ်မံသိမ်းဆည်းရမိတယ် ” လို့ စုပေါင်းဂိတ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲ့ဒါကြောင့် တရားမဝင် လက်နက်သယ်ယူလာသူ အမျိုးသား လေးယောက် ၊ အမျိုးသမီး တယောက် စုစုပေါင်း ငါးယောက်နဲ့ လက်မျိုးစုံ ၃၉ လက် ၊ ခဲယမ်းမျိုးစုံ အများအပြား ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
အဲ့ဒီ ဖမ်းဆီးရမိသူတွေကို မန္တလေးတိုင်း လုံခြုံရေးအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် လူတွေကို ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခံတဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းတုန်းက ဧရာဝတီတိုင်း ဖျာပုံခရိုင်မှာ အခုလို တရားမဝင် လက်နက်သယ်ယူလာသူတချို့ ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ တံတားဦးဂိတ်မှာ ဖမ်းဆီးရမိပုံ ( နီးစပ်သူဒေသခံတဥိး)

Related posts

Leave a Comment

VOM News

FREE
VIEW