အမေရိကန်က အခွန်တိုးကောက်တဲ့ကိစ္စ မြန်မာကို မှီခိုလုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းအများစု ထိခိုက်မှုရှိလာနိုင်

ဇူလိုင် ၁၆ – ၂ဝ၂၅
KKO(VOM)
အမေရိကန်နိုင်ငံက အခွန်တိုးကောက်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံကို မှီခိုလုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်အများစုထိခိုက်မှုရှိလာနိုင်တယ်လို့ လေ့လာသူတွေနဲ့ မြန်မာ့စီးပွားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သုံးသပ်ထားကြပါတယ်။
ဒီလိုအမေရိကန်က အခွန်တိုးကောက်တဲ့ ကိစ္စရပ် ဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းအချို့အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပြီး မြန်မာကို မှီခိုနေတဲ့ တရုတ်လုပ်ငန်းရှင်အချို့ကတော့ စီးပွား‌ရေးပိုင်းဆိုင်ရာမှာထိခိုက်မှုတွေရှိလာနိုင်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာတော့ကျွန်တော်ထင်ပါတယ်။ အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်လို့က မြန်မာပြည်က တိုက်ရိုက်တော့မထိခိုက်နိုင်ဘူး။သို့‌သော်သွယ်ဝိုက်ပြီးတော့လုပ်တဲ့ တရုတ်လုပ်ငန်းအများစုတော့ထိခိုက်လာနိုင်တယ်။ဒါကတရုတ်လုပ်ငန်းရှင်တွေအတွက်တော့တမျိုးတမည်ဖြစ်မယ်”လို့ မြန်မာ့စီးပွားရေးနယ်ပယ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။
အခုလာမယ့် ဩဂုတ် ၁ ရက်နေ့ကစလို့ မြန်မာအပါအ၀င် နိုင်ငံတော်တော်များများကို အမေရိကန်အစိုးရကအခွန်တိုးမြှင့်ကောက်ခံဖို့ရှိနေတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ခွန်တိုးမြှင့်ခဲ့ခြင်းနဲ့ ပတ်သက်လို့ ယခုအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တရားဝင်အကြောင်းကြားစာများပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံ နစက ဘက်ကတော့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရင်ကတည်းက ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျော့ရုပ်သိမ်းပေးဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။
ဒါအပြင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘက်ညီမျှတဲ့ ကုန်သွယ်မှုဖော်ဆောင်နိုင်ရေးအတွက် မြန်မာကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအပေါ် အခွန် (၁၀) ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်း နဲ့ အမေရိကန်ကနေ မြန်မာကို သွင်းကုန်တွေအပေါ် သုည ရာခိုင်နှုန်း နဲ့ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံပေးသွားဖို့ အဆိုပြုညှိနှိုင်းထားတယ်လို့ သိရပါတယ်။
အဲဒါအပြင် အမေရိကန်က မြန်မာနိုင်ငံအ‌ပေါ်စည်းကြပ်ခွန် ၄၀% ကောက်မယ်ဆိုတာ​ဟာ အမေရိကန် အဓိက ရည်ရွယ်တာက တရုတ်လုပ်ငန်းစုအများစုကိုဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
မြန်မာပြည်ကနေ အမေရိကကို အများဆုံးတင်ပို့နေတာတွေက အဝတ်အထည်၊ဖိနပ်တွေနဲ့ ဦးထုတ်၊ လျှပ်စစ်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အပါအဝင် ငါး၊ပုစွန် အစရှိတဲ့ ရေထွက်ပစ္စည်းတွေနဲ့ ပရိဘောဂတွေ အများဆုံးပါဝင်တယ်လို့လည်း ဆိုပါတယ်။
“အမေရိကန်ကိုတင်ပို့နေတဲ့ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့ CMP လုပ်ငန်းတွေက Made in Myanmar နဲ့ လုပ်တာလေ၊အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်းဒါကရှိနိုင်တယ်။ထိုင်းတို့ ဗီယက်နမ်တို့ဘက်မှာပေါ့၊ အဲ့နိုင်ငံတွေကတော့ အကုန်ထိခိုက်နိုင်ပါတယ်။မြန်မာကတခုအားသာတာက CMP အထည်ချုပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့်ရထားတာရှိတယ်လေ၊ဥရောပကပေးထားတဲ့ ကုန်သွယ်ခွင့်ရှိတယ်လေ။ ဒီအတိုင်းဆိုရင်အမေရိကန်က ဒီစည်းမျဉ်းကိုအသိအမှတ်မပြုဖြစ်သွားမယ့် ပုံစံမျိုးလို့ကျွန်တော်မြင်ပါတယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
နစကအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနဲ့ အမေရိကန်နိုင်ငံ ကုန်သွယ်မှုပမာဏက ၂ဝ၂၃ – ‌၂ဝ၂၄ ခုနှစ်ဘဏ္ဍာနှစ်မှာ ကုန် သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိခဲ့သလို ၂ဝ၂၄ – ‌၂ဝ၂၅ ခုနှစ်ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိခဲ့တယ်လို့ ဆိုထားပါတယ်။
“ရေထွက်ပစ္စည်းတွေနဲ့ ပရိဘောဂပစ္စည်းတွေကလွဲရင်ကျန်တဲ့ပစ္စည်းအများစုက တရုတ်လုပ်ငန်းရှင်တွေက မြန်မာပြည်မှာလာတည် ထားကြတာ စက်ရုံတွေကထုတ်နေတာအမေရိကန်တွေရဲ့စည်းကြပ်ခွန်တွေကြောင့် အဲ့ဒီစက်ရုံတွေက ထုတ်နေတဲ့ ကုန် ပစ္စည်းတွေအရောင်းကျမယ်။အရောင်းကျရင် ကုန်ထုတ်လုပ်မှုလျော့မယ်။ထုတ်လုပ်မှုလျော့ရင် စက်ရုံလုပ်သားတွေကိုထိခိုက်လာမယ်။စက်ရုံတွေ ပိတ်သိမ်းသွားရင်အလုပ်လက်မဲ့တွေ ပိုများလာမယ်”လို့ လေ့လာသူတယောက် သူရဲ့အမြင်ကို သုံးသပ်ပြောပြထားပါတယ်။
ဒါကြောင့်မို့ ဈေးကွက်ကျွမ်းကျင်သူ တွေကတော့ပို့ကုန်‌တွေနဲ့ ပတ်သက်ပြီး အခြားဈေးကွက်တခုကို ရှာဖွေဖို့လိုတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးနဲ့ ကမ္ဘာ့ရေးရာကိစ္စရပ်တွေကို လေ့လာသုံးသပ်သူတယောက်ကတော့ ထရန့် သမ္မတမဖြစ်ခင်ကလည်းကမ္ဘာ့အခင်းအကျင်းသစ်ကိုသူ့လက် ထက်မှာပြောင်းမယ်လို့ မကြာခဏပြောကြားခဲ့တယ်လို့ ပြောပါတယ်။
“အဓိကပြောချင်တာက မစ္စတာထရန့်လက်ထက်မှာအိမ်ဖြူတော်ရဲ့မူဝါဒပြောင်းလဲသွားပြီလား။ယတိ ပြတ်ပြောလို့တော့မရသေးပါဘူး။ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ထရန့်သမ္မတမဖြစ်ခင်ကလည်းကမ္ဘာ့အခင်းအကျင်းသစ်ကိုသူ့လက်ထက်မှာပြောင်းမယ်လို့မကြာခဏပြောခဲ့တယ်။အဓိကက အနောက်အစိုးရတွေနဲ့အဆင်ပြေလာပြီး စီးပွားရေးအခွင့်
အလမ်းတွေရလာရင်တော့၊အခြေခံပြည်သူတွေအဆင်ပြေတာပေါ့။အခုလေးငါးနှစ်ရှိပါပြီ။အ‌ခြေခံပြည်သူတွေတော်တော်အဆင်မပြေဖြစ်နေတာ”လို့ သူက ဆက်ပြီးပြောပြခဲ့ပါတယ်။
ပုံစာ – မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း အချို့။

Related posts

Leave a Comment

VOM News

FREE
VIEW