ဇူလိုင် ၁၆၊ ၂၀၂၅
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် အစောပိုင်း နစက တပ်ဖွဲ့ နစကတပ် အလုံးစုံသိမ်းလိုက်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
နောင်ချို တမြို့လုံးကို နစက တပ်ဖွဲ့ကဇူလိုင်လ ၁၆ ရက်နေ့ မနက် လင်းအားကြီး အချိန်မှာ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး နစက တပ်ဖွဲ့က သုံးပတ် ခန့်ကြာ တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာသွားတဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေကို ရှင်းလင်းနေဆဲဖြစ်တယ်လို့လည်း နစကတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“နောင်ချိုက စစ်တပ် ပြန်ရသွားတာ သေချာပြီ။ ဒီမနက် ကတည်းက သေနတ် ပစ်ခတ်သံ လုံးဝ မကြားတော့ဘူး။ ပစ်ခတ်သံ လုံးဝ ငြိမ်သွားပြီ” လို့ ဒေသခံ စစ်ရှောင် တယောက်က ပြောပါတယ်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်ထိပဲ လက်နက်ငယ်တွေ ပစ်ခတ်သံကြားရပြီး လက်နက်ကြီး ပစ်ခတ်သံတော့ ည ၇ နာရီ ဝန်းကျင်မှာ သုံးချက်လောက် ကြားရတာ နောက်ဆုံးပဲ လို့ သူက ပြောပါတယ်။
နောင်ချိုမြို့ထဲ ဝင်ရောက်လာတဲ့ နစက တပ်ဖွဲ့က တောင်ခမ်းဘက်က ၀င်ရောက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အုမ္မသီး လမ်းကြောင်းဘက်က စစ်ကြောင်းတွေကတော့ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ထိ ရေမောင်းတန်းရွာမှာ ပစ်ခတ်သံကြားဆဲပဲလို့ သူက ပြောပါတယ်။
“နောင်ချိုက စစ်တပ် ရသွားတာ သေချာလောက်ပြီ။ ဟိုတနေ့ကတည်းက TNLA တွေ တပ်ဆုတ်လာတာ ကျနော့် သူငယ်ချင်းတောင် မြင်တယ်ပြောတယ်” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
နောင်ချိုမြို့ထဲမှာ DPLA တပ်ဖွဲ့နဲ့ PDF တွေပဲ ကျန်နေခဲ့တယ်လို့ သိရကြောင်း၊ စစ်တပ်ထောက်ခံသူတွေ ရဲ့ မှတ်တမ်း ဓာတ်ပုံအရ မြို့ရဲ့ အဓိက အချက်အချာ နေရာတွေ အကုန် ရထားတာတွေ့ရကြောင်း သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသူ အမျိုးသား တယောက်ကတော့ နောင်ချိုမြို့ အားလုံးကို နစကတပ်ဘက်က မရသေးသလို တိုက်နေဆဲပဲလို့ ကြားသိရကြောင်း ပြောပါတယ်။
“ အကုန်တော့ မရသေးဘူးခင်ဗျ။ TNLA နဲ့ ဒေသတွင်း လက်နက်ကိုင် တချို့ရှိတော့ အင်အား မမျှဘူး။ ဒီနေ့ မနက်ဖန် အကုန် ယူမယ်ထင်တယ်” လို့ သူကပြောပါတယ်။
နစက စစ်ကြောင်းတွေ နောင်ချိုမြို့ပေါ် ရပ်ကွက်တချို့ထဲ ဝင်ရောက်လာပြီးနောက် ဂုတ်ထိပ် တဖက်ကမ်းရှိ နောင်ပြစ်၊ လုံကြိမ်၊ ခဲလုံ၊ တောင်ဆေးလိပ်၊ ပင်ပေါ၊ ဇီးပင်စခန်းရွာတွေဘက် နစက နပ်ဖွဲ့ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် လာတာကြောင့် ဒေသခံတွေနောင်ပိန်ရွာဘက် စစ်ဘေး ထပ်ရှောင်နေရကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
နောင်ချိုမြို့နဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ကတော့ တစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
Photo Crd# ဒေသခံ