ငါးကန်တွေ ရေလျှံလို့ ထွက်လာတဲ့ ငါး လိုက်ဖမ်းတဲ့လူတွေနဲ့ စည်ကား

 

ဩဂုတ် ၁ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မှာ ရေကြီးမှုကြောင့် ငါးကန်အများအပြား ရေလျှံလာတဲ့အတွက် ထွက်လာတဲ့ငါးတွေကို လိုက်လံ ဖမ်းဆီးနေသူတွေနဲ့ စည်ကားနေတယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။

တိုက်ကြီးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရေကြီးနစ်မြုပ်မှုတွေဖြစ်ခဲ့တာကြောင့် အဲ့ဒီမြို့မှာရှိတဲ့ ငါးကန်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ရေတွေလျှံလာပြီး ငါးတွေလွတ်ကုန်တာလို့ အဲ့ဒီမြို့က ငါးကန်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ဒီရက်ပိုင်းတွေက မိုးကအရမ်းရွာတာလေ။ တိုက်ကြီး၊ အူတိုနဲ့ အဖျောက်ဘက်တွေက ငါးကန်တွေအကုန် ရေကျော်ကုန်ကြတာ။ အခု လမ်းဘေးမြောင်းတွေ လမ်းမပေါ်တွေနဲ့ လယ်ကွက်တွေမှာ ငါးတွေကို ဖွေးနေတာပဲ။ ကျွန်တော်တို့တွေကတော့ ရင်ကွဲတာပေါ့ဗျာ” လို့ သူက ပြောပါတယ်။

ငါးကန်တွေဟာ လှိုင်မြစ်ရေမြင့်တက်လာတာကြောင့် ရေလျှံတက်လာတာဖြစ်ပြီး မြစ်အနောက်ဘက်ခြမ်းမှာ ငါးကန်တွေအများအပြား ရှိနေကာ တီလားဗီးယား၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုန့် စတဲ့ ငါးအမျိုးအစားတွေကို အများဆုံး မွေးမြူကြတယ်လို့ ဆိုပါတယ်။

ငါးဖမ်းတဲ့သူတွေဟာ ပိုက်ကွန်တွေ၊ ငါးမျှားတံတွေနဲ့အပြင် ကျင်စက်နဲ့ ဖမ်းတဲ့သူတွေလည်း ရှိနေပြီး တချို့ဆို ပိဿာနဲ့ချီရကြတယ်လို့ တိုက်ကြီးမြို့ခံတွေက ပြောပါတယ်။

“အခုဆို ရန်ကုန်မြို့ထဲက ငါးမျှားဝါသနာပါတဲ့သူတွေပါ ရောက်လာနေကြတာ။ နာရီပိုင်းအတွင်း မျှားရင်တောင် ပိဿာဆယ်နဲ့ချီပြီး ရတယ်။ လမ်းမပေါ်တင်ပဲ ငါးတွေက ဟိုဘက်ခုန်လိုက် ဒီဘက်ခုန်လိုက် ဖြစ်နေကြတာ။ ကျွန်တော်တို့ထဲက တယောက်ဆို ၁၅ ပိဿာလောက်ရတယ်။ ငါးထမ်းပြီးရင် လူနှစ်ယောက်လောက်နဲ့ ဆာလာအိတ်ကို ထမ်းပြီး အိမ်ပြန်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ တိုက်ကြီးမြို့ ရေကြီးရေလျှံမှုကြောင့် ငါးကန်ပိုင်ရှင်တွေ ဆုံးရှုံးခဲ့ရသလို ရန်ကုန်မြို့အတွင်း တင်ပို့နေတဲ့ ငါးဈေးနှုန်းတွေလည်း မြင့်တက်လာဖွယ်ရှိပြီး တင်ရသွင်းရ ကျပ်လိမ့်မယ်လို့ ရန်ကုန်မြို့ရှိ ငါးဒိုင်လုပ်ငန်း လုပ်ကိုင်သူက သုံးသပ်ထားပါတယ်။

#voiceofmyanmar #VOM #တိုက်ကြီးမြို့ #ငါးကန် #ရေလျှံ #ငါးလိုက်ဖမ်းသူတွေ #စည်ကား

Related posts

Leave a Comment

VOM News

FREE
VIEW