ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးနယ် ကုန်တင်ယာဉ်မောင်း ၁၃ ယောက်ကို ပြန်လွှတ်မယ်

 

ဩဂုတ် ၈ – ၂၀၂၄
SS (VOM)

တိုက်ပွဲကာလ မြေပြင်ကန့်သတ် တားမြစ်ချက်တွေကို လိုက်နာခြင်းမရှိတာကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ယာယီဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကုန်တင်ယာဉ်မောင်း ၁၃ ယောက် ပြစ်ဒဏ် ၄၅ ရက်ပြည့်တဲ့အခါ ပြန်လွတ်လာမှာ ဖြစ်တယ်လို့ အဲဒီ ယာဉ်မောင်းတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီ ကားသမား ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးဝနဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ ပျဉ်းကိုင်းကျေးရွာအနီး ကလေးဝ – မဟာမြိုင်လမ်းမှာ ကလေးခရိုင်-ပကဖတပ်ဖွဲ့နဲ့ အချင်းများခဲ့ရာကနေ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

“သူတို့အဖမ်းခံခဲ့ရတာ ဒီနေ့ဆို တလရှိပြီပေါ့။ သြဂုတ် ၂၃ ရက်နေ့မှာ ပြန်လွတ်မှာ။ အခုက ကားသမားတွေရော၊ သူတို့ရဲ့ကားတွေကိုရော ထိန်းသိမ်းထားတယ်။ နှိပ်စက်တာ၊ ညှဉ်းပန်းတာမျိုးမရှိဘဲ ကောင်းကောင်းမွန်မွန်ထားတယ်လို့တော့ သိရတယ်။ ပြစ်ဒဏ် ၄၅ ရက်ပြည့်ရင် ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်မယ်ပြောတယ်” လို့ ဒီဖြစ်စဥ်ကို သိရှိသူတယောက်က ပြောပါတယ်။

မဟာမြိုင်လမ်းပေါ်က အောင်ချမ်းသာ နစကစခန်းကို ကလေးခရိုင် – ပကဖတပ်ဖွဲ့က ဇွန်လဆန်းပိုင်းကစလို့ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာမှာ အဲဒီလမ်းပေါ်မှာ စစ်ရေးအခြေအနေအရ ဖြတ်သန်းခွင့် တလကြာ ပိတ်ထားခဲ့တာကြောင့် တိုက်ပွဲနဲ့ သုံးမိုင်အကွာမှာ ကုန်တင်ယာဉ် အစီးရေ ၃၀၀ နီးပါး ပိတ်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကားသမားတွေက လမ်းဖွင့်ပေးဖို့ပြောဆိုခဲ့ပြီး လမ်းမပေါ် တားမြစ်နေရာကို ဇူလိုင်လ ၄ ရက် မှာ ကုန်တင်ကား ၅၀ ခန့် ဖြတ်ကျော်ဝင်‌ရောက်ဖို့ ကြိုးစားခဲ့သလို ဇူလိုင်လ ၈ ရက်မှာလည်း နောက်ထပ် ကုန်တင်ကား ၈၀ ခန့် ထပ်မံဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ရှေ့ဆုံးက ကုန်ကားဘီးကို လက်နက်ကိုင်တပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့တာမှာ ကုန်ကားသမား ၆၀ ခန့်နဲ့ အချင်းများခဲ့တယ်လို့ သိရပါတယ်။

ကလေးဝမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်ချက်အရ လက်ရှိ ဖမ်းဆီးထာတဲ့ ကားသမား ၁၃ ယောက်ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကို ဝိုင်းဝန်းထိုးကြိတ်ရာမှာ ဦးဆောင်ခဲ့သူတွေဖြစ်တာမို့ အခုလို ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိတော့တဲ့အတွက် လမ်းတွေအကုန်လုံးကို သွားလာခွင့်ပြုထားပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက မိုးရွာသွန်းမှုများတာကြောင့် လမ်းတွေပျက်စီးပြီး ကားတွေပိတ်ဆို့နေတဲ့အတွက် ဖြတ်သန်းသွားလာမှုကို ခေတ္တရပ်ခိုင်းထားကာ လမ်းပြုပြင်ပေးနေတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကားလမ်းပိတ်ထားစဥ် ကာလက ကလေးမြို့အတွင်းမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်တချို့နဲ့ စက်သုံးဆီတွေ ပြတ်လပ်ခဲ့ပြီး ဈေးအဆမတန် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #ကလေးဝ_မဟာမြိုင်လမ်း #ကုန်တင်ယာဉ်မောင်း #၁၃ယောက်

Related posts

Leave a Comment

VOM News

FREE
VIEW