တရားမျှတမှုနဲ့ ဖိအားပေးဖို့ ရုရှားနိုင်ငံထဲ ဝင်တိုက်တာလို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

 

ကိဗ်ယက်၊ ဩဂုတ်-၁၂-၂၀၂၄
မျိုးဆက်(VOM)

တရားမျှတမှုနဲ့ ရုရှားတပ်တွေကို ဖိအားပေးဖို့အတွက် ရုရှားနိုင်ငံထဲကို ဝင်ရောက်တို်ကခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အံ့အားသင့်ဖွယ် ထိုးစစ်ဆင်တိုက်ခို်ကမှုကို ပထမဆုံးအကြိမ် ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။

“ ယူကရိန်းဟာ တရားမျှတမှုကို အမှန်တကယ်ပြန်လည်ရရှိနိုင်ကြောင်း သက်သေပြနေတာဖြစ်ပြီး ရန်သူအပေါ် လိုအပ်တဲ့ဖိအားမျိုးတွေ ပေးသွားမယ်” လို့ သမ္မတ ဇီလန်စကီးက ညစဉ်မိန့်ခွန်းမှာပြောပါတယ်။

ရုရှားနိုင်ငံ ကွတ်ခ်ဒေသကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဟာ ခြောက်ရက်မြောက်နေ့ရှိနေပြီး ရုရှားကတော့ အဲဒီဒေသမှာ စစ်ကူတွေ စေလွှတ်ထားပါတယ်။ မြို့ခံတွေကိုလည်း ရုရှားအာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်။

ဒီအတော့အတွင်း အဲဒီဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံ အနီးမှာ ဒုံးကျည်ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ဒီကိစ္စကို ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန်စွပ်စွဲထားပြီး အိုင်အေအီးအေကတော့ နျူကလီးယားမတော်တဆမှုတွေ ရှောင်ရှားနိုင်ဖို့ တိုက်တွန်းထားပါတယ်။

ယူကရိန်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက် သုံးခုမှာလည်း ရုရှားဘက်က လုံခြုံရေးတင်းကြပ်နေပါတယ်။ ရုရှားရဲ့ မဟာမိတ် ဘီလာရုစ်ကလည်း ယူကရိန်းက သူ့လေပိုင်နက်ကို ချိုးဖောက်တယ်ဆိုကာ ယူကရိန်းနယ်စပ်ကို တပ်တွေဖြန့်ကြက်နေပါတယ်။

ကွတ်ခ်ဒေသမှာ ယူကရိန်းရဲ့ ညပိုင်းတိုက်ခိုက်မှုအတွင်း ဒရုန်း ၁၄ စင်း၊ ပဲ့ထိန်းဒုံးကျည်လေးစင်း၊ မောင်းသူမဲ့လေယာဉ် ၁၈ စင်းတို့ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo: Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #နယ်စပ်ဖြတ်ကျော်တိုက်ခိုက်

Related posts

Leave a Comment

VOM News

FREE
VIEW