ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ရေး ဆက်လက်တင်းမာနေ

 

ဩဂုတ် ၁၆၊ ၂၀၂၄
Shy V (VOM)

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ နစကတပ်တွေနဲ့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးဆက်လက်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမောင် နစက ကာကင်း တပ်စခန်းနဲ့ တောမှော် နစက ကာကင်း တပ်စခန်း ဩဂုတ် ၁၅ ရက်နေ့ သိမ်းခံရပြီး လိုင်ဇာဘက်လည်း လေကြောင်းဗုံးကြဲခံရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဖားကန့်ဘက်က ရှေ့တန်း ကာကင်း စခန်းကြီး ဖြစ်တဲ့ လမောင် တပ်စခန်းကို မနေ့က မနက် ၉ နာရီ လောက်က KIA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းလိုက်ကြပြီလို့ ကြားတယ်။ တောမှော် စခန်းကိုပါ ညနေ ၄ နာရီ လောက်က သိမ်းလိုက်ကြတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ မနက်ကတည်းက လမောင် တပ်စခန်းနဲ့ တောမှော် တပ်စခန်း ဘက် တိုက်ပွဲ ဖြစ်နေတာလို့ သူက ပြောပါတယ်။

အဲဒီ တပ်စခန်း နှစ် ခုဟာ ဖားကန့် ဗျူဟာ အတွက် အရေးပါတဲ့ ရှေ့တန်း အဓိက လုံခြုံရေး ကာကင်းစခန်းကြီးတွေ ဟုတ်တယ်လို့ ဆိုပါတယ်။ နစကဘက်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဖားကန့် လမောင် တပ်စခန်း သိမ်းခံရပြီးနောက် KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာ အနီး ဝန်းကျင်ဘက် လေကြောင်း နဲ့ ဗုံးကြဲ ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံတွေတော့ အကျယ်ကြီးကြားရတယ်။ ဘယ်နေရာ ကျလဲ ဆိုတာ အတိအကျ မသိရဘူး။ ဒါပေမယ့် မြို့ပြင်ရွာတွေဘက် ဗုံး အစအန တွေ ကျလာတာကို ကြည်ရင် လေထဲမှာ ပေါက်ကွဲ သွားတာ ထင်တယ်။ မြေပြင် ထိခိုက်တာမျိုး အခုထိ မကြားရသေးဘူး” လို့ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

နစက တပ်ရဲ့ လေယာဉ် လိုင်ဇာ အနီး ရောက်ရှိ ပျံဝဲ လာပြီး နောက် တရုတ်ဘက်က လေယာဉ်တွေလည်း နယ်စပ်ဘက် ရောက်ရှိလာကာ တရုတ်ဘက်က အချက်ပြ မီးကျည်တွေ ပစ်လိုက်တာ ကြားရတယ်လို့ ဆိုပါတယ်။

လိုင်ဇာ ဒေသခံတွေကတော့ လေယာဉ် သံ ကြားရလို့ စိုးရိမ်ထိတ်လန့်ပြီး လေကြောင်းဘေးလွတ်မယ့် နေရာ တွေမှာ ပုန်းအောင်း ခဲ့ရတယ်လို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နေရာ ဒေသ တွေမှာ မကြာခဏ လေကြောင်း ဗုံးကြဲ ခံရတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာ ဒေသက ဒေသခံ ပြည်သူတွေက အမြဲတမ်း လေကြောင်းအန္တရယ်ကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Photo Crd# ဒေသခံ

#Voiceofmyanmar #VOM #ကချင် #ဖားကန့် #စစ်ရေးတင်းမာ

Related posts

Leave a Comment

VOM News

FREE
VIEW