စားအုန်းဆီ ပြင်ပဈေး ဆက်လက်မြင့်တက်နေပြီး ဝယ်ယူရ ပိုမိုခက်ခဲလာ

 

ဩဂုတ်-၁၆-၂၀၂၄
Ms(VOM)

စားအုန်းဆီ ပြင်ပဈေး ဆက်လက် မြင့်တက်လာပြီး ဝယ်ယူရခက်ခဲလာသလို ဝက်ဆီနဲ့ ပြန်ကြော်ဆီတွေကိုပါစားဆီဈေးကွက်မှာ အရောင်းအဝယ်လုပ်သူတွေရှိလာနေကြောင်း သိရပါတယ်။

ယခုတပတ် သြဂုတ်၁၂ရက် ကနေ ၁၈ရက်အထိ သတ်မှတ်လိုက်တဲ့ စားအုန်းဆီလက်ကားရည်ညွှန်းဈေး မှာ တပိဿာကို ၅၉၄၅ကျပ် ဖြစ်ပြီး ရည်ညွှန်းဈေးထက် ၂ရာခိုင်နှုန်းခန့်သာပိုတဲ့ တပိဿာကို ၆၀၀၀ကျပ် ဝန်းကျင်ဈေးနဲ့ ရောင်းချခွင့်ပြုတာကြောင့် ဆီကုန်သည်တွေအနေနဲ့ အရောင်းယာယီရပ်နားတာ ၊ အရောင်းပိတ်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။

” တရက်မှ ၅၀သား ရတဲ့ တိုကင်ကတ်နဲ့ဆီတိုးတာက အခုရက်ပိုင်းသိပ်မရတော့ဘူး ။ အရင်က တရက်ခြားတိုးလို့ရတယ်။ ဒီရက်ပိုင်း တန်းစီစနစ်နဲ့ရောင်းပေးတာနည်းလာတယ်”လို့ မြောက်ဒဂုံမြို့နယ်က ဆီတန်းစီသူတယောက်ကပြောပါတယ်။

စားဆီဈေးကွက်မှာ ဈေးတန်းအမြင့်ဆုံး ပဲဆီ နဲ့ ဆီထွက်သီးနှံ နှမ်း ၊ နေကြာဆီတွေက တပိဿာ၂၀၀၀၀ကျပ်နဲ့အထက်ဈေးရှိနေသလို အများစားသုံးမှုများတဲ့ စားအုန်းဆီက ပြီးခဲ့တဲ့ ၃ရက်ခန့်အတွင်း တပိဿာကို ငွေကျပ် ၁၅၀၀၀နှုန်းထားကနေ ယနေ့မှာ ငွေကျပ်၂၀၀၀၀ နှုန်းဈေးအထိတရိပ်ရိပ်မြင့်တက်လာတယ်လို့ဆိုပါတယ်။

“ စျေးထဲက ကုန်ခြောက်ဆိုင် အတော်များများက ဆီသီးသန့်ဝယ်လို့ မရတာတွေရှိတယ်။ သူတို့ဆိုင်က ကုန်ခြောက်ဝယ်တဲ့သူတွေကို ခွဲတမ်းနဲ့ ရောင်းပေးတာမျိုးပေါ့ ။ တသောင်းခွဲဖိုးလောက်ဝယ်တဲ့သူကို ၅၀ သားတဗူးရောင်းပေးတယ်။ ခုဝယ်ရတာ အရင်ကထက် ပိုခက်လာတယ်” လို့ အင်းစိန်မြို့နယ်က အိမ်ရှင်မတယောက် ပြောပါတယ်။

ဒါအပြင် အများပြည်သူ သုံးစွဲမှုများတဲ့ စားသုံးဆီဈေးကွက်မှာ ယခင်က ဈေးတန်းသတ်မှတ်မရတဲ့ ဝက်ဆီနဲ့ ပြန်ကြော်ဆီတွေကိုလည်း တပိဿာကို ငွေကျပ် ၈၀၀၀ ကနေ ၁၀၀၀၀ ကျပ်အထိပေါက်ဈေးသတ်မှတ်ရောင်းနေတယ်လို့သိရပါတယ်။

” ဆီဈေးတက်တာက အရင်ကမကြားဖူးတဲ့ ဆီတွေကိုပါ ပေါ်တင်ရောင်းလာကြတဲ့အထိပဲ။ လက်လုပ်လက်စား လူတန်းစားတွေ အနေနဲ့ ကျန်းမာရေးလည်း နားမလည်တော့ဘူး။ ဆီဖြစ်ရင်ပြီးရောကုန်ဈေးနှုန်းကြောင့် မသေရုံတမယ် နေထိုင်စားသောက်နေရတော့ ဝက်ဆီ ၊ပြန်ကြော်ဆီတွေလည်း ဝယ်သုံးတော့တာပဲ သူတို့လခနဲ့က အပြင်စားအုန်းဆီဈေးက ၁၀ သားကိုပဲဝယ်ဦး ၂၀၀၀ ဈေးဖြစ်တော့ ၁၀၀၀ လောက် ဝန်းကျင်ဈေးနဲ့ ဟာကိုရှာဝယ်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီတွေကိုပဲမငြင်းနိုင်ပဲ စားရတော့တာပေါ့။”လို့ မြောက်ဒဂုံမြို့နယ်ကအိမ်ရှင်မတယောက်ကပြောပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသုံးပြုပြီးသား ဆီတွေဟာ လေဖြတ်ခြင်းနဲ့အဝလွန်ခြင်းတွေကို ဖြစ်စေသလို ဦးနှောက်သွေးကြောပိတ် ၊ သွေးခဲစေ တဲ့ အသက်အန္တရာယ်တွေရှိကြောင်းလည်း ကျန်းမာရေး သုတေသနတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း စားသုံးဆီတွေ စျေးတက်ရတဲ့အကြောင်းရင်းတွေထဲမှာ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ စက်သုံးဆီဂယက်က အဓိကအကြောင်းရင်းအဖြစ် ပါဝင်နေပြီး စျေးကွက်ကို သက်ရောက်မှုရှိလာတယ်လို့ လုပ်ငန်းရှင်တွေကလည်းပြောပါတယ်။

” စားအုန်းဆီက ဈေးတက်ပြီလားမေးရင် ဆီပီပါတွေက ခြေထောက်ပေါက်ပြီးရောက်လာတာမဟုတ်တော့ အခု စက်သုံးဆီဈေးတက်ရင် သယ်ယူပို့စရိတ်ခတွေနဲ့ စားအုန်းဆီတပိဿာကို ၂၀၀၀၀ လောက်တက်မယ်။ ပဲဆီဆို တပိဿ၂၅၀၀၀လောက်ဖြစ်နိုင်တယ်။ ဒါတောင် ဆီက အခုခွဲတမ်းနဲ့ပေးနေရတဲ့ အခြေအနေကြီးနဲ့ ရောင်းဖို့ရှိမှ ဝယ်လို့ရမယ့်အနေအထားပါ”လို့ စားအုန်းဆီကိုယ်စားလှယ် တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များ အသင်းက ပြီးခဲ့တဲ့ဇူလိုင်လ၃၁ရက် ကစပြီး အိမ်တိုင်ရာရောက် Door to Door စနစ်နဲ့ စားအုန်းဆီကို လစဉ် သက်သာတဲ့ဈေးနဲ့ရောင်းပေးနေတဲ့ အစီစဉ် ပြုလုပ်ထားပေမယ့် ဖုန်းဆက်မှာယူသူတွေ အနေနဲ့ Call Centerဖုန်းနံပါတ်တွေကို ဆက်သွယ်ခေါ်ယူမရကြောင်းလည်း ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

Photo:Ms

#Voiceofmyanmar #VOM #စားသုံးဆီ #စျေးတက် #ဝယ်ယူရခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW