တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဈေးကွက်

ဩဂုတ် ၁၈ – ၂၀၂၄
SS (VOM)

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီ ပြတ်တောက်မှုနဲ့အတူ ကျပ်ငွေတန်ဖိုး ထိုးဆင်းလာနေပြီး ရွှေ၊ ငွေနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ အခြေခံလုပ်ခလစာ အနိမ့်ဆုံးဖြစ်တဲ့အတွက် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလျက်ရှိရာ အခြေခံလူထုကြားမှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ ပြဿနာဟာ ကြီးမားတဲ့ စိန် ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။

အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီ ဈေးနှုန်းတွေဟာ စစ်မက်မရှိတဲ့ ရန်ကုန်မြို့မှာတောင် ပုံမှန်ဈေးတက်နေပြီး စစ်ဖြစ်ပွားရာ ဒေသတွေမှာတော့ ကုန်စည်ဈေးနှုန်းတွေ ပိုပြီး မြင့်တက်လျက်ရှိပါတယ်။

‌#ပြည်တွင်းရွှေဈေးနှုန်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြင်ပ ရွှေဈေးကွက်ရဲ့ အခေါက်ရွှေဈေးနှုန်းတွေဟာ မကြုံစဖူး ဈေးနှုန်းတွေနဲ့ အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။ အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက် (တနင်္လာနေ့) ‌မှာ တကျပ်သား ၇၆ သိန်းဝန်းကျင်နဲ့ ဈေးကွက်ဖွင့်ခဲ့တာဖြစ်ပြီး ၁၃ ရက်နေ့မှာတော့ သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ၈၅ သိန်းဝန်းကျင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အခေါက်ရွှေဈေးဟာ ကျပ် သိန်း ၇၀ ကျော်၊ ၈၀ နီးပါးနဲ့ အနည်းငယ် ကျသယောင် ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တပတ်တာ ဈေးကွက်ပိတ်ရက်ဖြစ်တဲ့ ဩဂုတ် ၁၇ ရက် (စနေနေ့) မှာတော့ ကျပ် သိန်း ၈၀ ကို ပြန်လည်မြင့်တက် ရောက်ရှိနေခဲ့ပါတယ်။

“ကမ္ဘာ့ဈေးလည်း တက်တယ်၊ ဒေါ်လာဈေးလည်း တက်တယ်ဆိုတော့ ပြည်တွင်းရွှေဈေးကပါ ပြန်လိုက်တက်လာတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဒေါ်လာဈေးလည်း နည်းနည်းပြန်ကျတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ငြိမ်နေတယ်ဆိုတော့ ပြည်တွင်းရွှေဈေးက နည်းနည်း အကျဘက် ပြန်ရောက်သွားတာ။ နောက်တပတ်ထဲ‌တော့ အခြေအနေဘယ်လိုရှိမလဲ စောင့်ကြည့်ရဦးမှာပေါ့။ ပြန်တက်မယ်ဆိုရင်တော့ ဒီတပတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ စံချိန်တင်ဈေး ၈၅ သိန်းဝန်းကျင်ကို ပြန်ပြီး ဦးတည်လာဖို့ ရှိနေတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ တပတ်တာ ဈေးကွက်ပိတ်ရက်ဖြစ်တဲ့ ဩဂုတ် ၁၇ ရက်မှာ တအောင်စ ၂၅၀၈ ဒေါ်လာကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်ကတော့ တအောင်စ ၂၄၂၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်ဟာ နိုင်ငံခြား ငွေလဲလှယ်နှုန်းထားတွေ တဖြည်းဖြည်း မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး အရင်ကထက်ပိုပြီး လျော့ကျခဲ့တဲ့ကာလ ဖြစ်ခဲ့ပါတယ်။ ဩဂုတ် ၁၃ ရက်နေ့ နောက်ပိုင်းမှာ နိုင်ငံခြားငွေလဲဈေးနှုန်း မြင့်တက်မှုတွေ ပိုမိုမြန်ဆန်လာကာ ငွေကြေးတန်ဖိုးကွာဟချက် ကြီးမြင့်လာခဲ့ပါတယ်။

အဲဒီ ဩဂုတ် ၁၃ ရက်နေ့မှာပဲ အမေရိကန် တဒေါ်လာဈေးဟာ ၇၂၀၀ ကျပ် ဝန်းကျင်အထိ စံချိန်တင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီသမားတွေကို ကန်ဒေါ်လာ သန်း ၁၀၀ ရောင်းပေးမယ်ဆိုတဲ့ သတင်းကြောင့် ဒေါ်လာဈေးဟာ ၅၉၅၀ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။

“ဒေါ်လာဈေး ဘာကြောင့် ပြန်တက်လာလဲဆိုတော့ ဗဟိုဘဏ်က ရောင်းပေးမယ်ဆိုတဲ့ ဒေါ်လာ သန်း ၁၀၀ ဆိုတာကို ဆီတင်သွင်းမှု ပမာဏအတိုင်း ဆီသမားတွေ အပြည့်မရကြဘူး ကြားတယ်။ အဲဒါကြောင့် ငွေလဲဈေးတွေ ပြန်တက်လာတာ။ ဒေါ်လာရောင်းပေးမယ်ဆိုတဲ့ သတင်းကြောင့်သာ ဈေးကွက်မှာ ခဏ အကျပြသွားတဲ့သဘောပဲ ရှိတယ်။ ထင်သလောက် မဟုတ်ရင်တော့ ဈေးပြန်တက်မှာပဲ” လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က မြန်မာကျပ်ငွေ ၂၀၀ အထိ စံချိန်တင် စျေးမြင့်တက်ခဲ့တဲ့ ထိုင်းဘတ် ဈေးနှုန်းဟာလည်း ဩဂုတ် ၁၅ ရက်ကစလို့ ၁၅၀ ကျော်၊ ၁၆၀ ကျော်ဝန်းကျင်ကို ပြန်လည် ကျဆင်းခဲ့ပေမယ့် ဩဂုတ် ၁၇ ရက်၊ ညနေပိုင်းမှာတော့ ထိုင်းတဘတ်ကို ၁၈၀ ကျပ်အထိ စျေးနှုန်း ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဟွန်ဒီငွေလဲဈေးကွက်မှာတော့ ကျပ်ငွေကို ထိုင်းဘတ် ပြောင်းလဲမှု အလွန်များပြားတယ်လို့ သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူနေရသလို ညအိပ် စောင့်ဆိုင်းကာ ဆီထည့်နေရတာတွေ ရှိနေပါတယ်။ တချို့ဆိုင်တွေကတော့ ဆီမရှိလို့ အရောင်းပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။

စက်သုံးဆီ ပြတ်လပ်နေမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကနေ စတင်ခဲ့တာဖြစ်ပြီး ကုန်စည်စီးဆင်းမှု အပါအဝင် လုပ်ငန်းများစွာမှာ ထိခိုက်လျက်ရှိနေတာပါ။ အငှားယာဉ်မောင်းတချို့နဲ့ ဝန်ထမ်းကြို/ပို့ယာဉ်တွေ၊ ပရဟိတအဖွဲ့ ယာဉ်တွေ၊ ကျောင်းကြို/ပို့ယာဉ်တွေ မပြေးဆွဲနိုင်တဲ့အထိ ဖြစ်နေပြီး ကိုယ်ပိုင်ကျောင်းတွေပါ ဖွင့်ဖို့ ခက်ခဲလာနေတယ်လို့ သိရပါတယ်။

ဒါအပြင် စက်သုံးဆီဈေးတွေလည်း မြင့်တက်နေပြီး စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဒီတပတ်အတွက် ရည်ညွှန်းဈေးနှုန်းကို ၉၂ ဓာတ်ဆီ တလီတာ ၂၉၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၄၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၆၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၁၁၅ ကျပ် သတ်မှတ်ထားကာ အရင်တပတ်ကထက် တလီတာ ၁၅၀ ကျပ်ကျော်ကနေ ၁၇၀ ကျပ်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။

ရန်ကုန်မြို့ရှိ စက်သုံးဆီ ပြင်ပပေါက်ဈေးမှာတော့ တလီတာ ၁၆၀၀၀ ကျပ်အထိရှိနေပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာဟချက် ရှိတယ်လို့ သိရပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

ရွှေ၊ ငွေ ဈေးနဲ့အပြိုင် အတက်ကြမ်းလျက်ရှိတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းကတော့ လက်ရှိမှာ တရုတ်ကန်စွန်းရွက် တစည်းကိုတောင် ငွေကျပ် ၁၀၀၀ ကနေ ၁၃၀၀ ဝန်းကျင်ကြား ရှိနေပြီဖြစ်ပါတယ်။ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်၊ ကန်စွန်းရိုးနီ တစည်း ၃၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစည်း ၆၀၀ ကျပ်ဈေးတွေနဲ့ ဈေးမြင့်တက်လာပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ကြက်ဥ အသေးဆုံး တလုံး ၃၀၀ ကျပ်ဈေး ရှိခဲ့ပေမယ့် ဒီတပတ်မှာတော့ ကြက်ဥ အသေးဆုံး တလုံး ၃၈၀-၄၀၀ ကျပ်ဈေး ဖြစ်လာပါတယ်။ အရွယ်အစားပေါ် မူတည်ပြီး ၄၃၀ ကျပ်၊ ၄၅၀ ကျပ်၊ ၄၈၀ ကျပ်၊ ၅၀၀ ကျပ် စသဖြင့် ဈေးမြင့်တက်နေတာဖြစ်ပါတယ်။

ဘဲဥဈေးကလည်း အရင်တပတ်က အသေးဆုံး တလုံး ၄၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ဈေးမြင့်တက်လာပါတယ်။ လက်ရှိမှာ ဘဲဥအရွယ်အစားအလိုက် ၅၀၀ ကျပ်၊ ၅၃၀ ကျပ်၊ ၅၅၀ ကျပ်၊ ၅၈၀ ကျပ်၊ ၆၀၀ ကျပ်အထိ ဈေးမြင့်တက်နေပါတယ်။ ဆေးဘဲဥ တလုံး ၈၀၀ ကျပ်ဈေးရှိပါတယ်။

ကြက်သွန်နီ တပိဿာ ၃၅၀၀ ကျပ်နဲ့အထက်၊ ကြက်သွန်ဖြူ တပိဿာ ကျပ် တသောင်းခွဲနဲ့အထက်၊ ခရမ်းချဉ်သီး တပိဿာ ၆၀၀၀ ကျပ်၊ အာလူးတပိဿာ ၅၃၀၀ ကျပ် စသဖြင့် ဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။

ဝက်သား တဆယ်သား ၂၄၀၀ – ၂၅၀၀ ကျပ်ဈေး၊ ကြက်သား တဆယ်သား ၁၅၀၀ ကျပ်၊ အမဲသား တဆယ်သား ၂၃၀၀ ကျပ်၊ ဆိတ်သား တဆယ်သား ၃၀၀၀ ကျပ်ဝန်းကျင် အသီးသီး ဈေးမြင့်တက်နေပါတယ်။ ငါးကြင်း တဆယ်သား ၁၈၀၀ ကျပ်ဈေး ဖြစ်လာပါတယ်။ ငါးမြစ်ချင်း တဆယ်သား ၁၃၀၀ ကျပ်ဈေး ရှိပါတယ်။

အခြေခံ စားသောက်ကုန်စည်ထဲမှာ ဆန်ဈေးနှုန်းဟာ နစက က သတ်မှတ်ထားတဲ့ ဈေးနှုန်းကြားမှာ ရောင်းချလျက်ရှိပြီး အရည်အသွေးမြင့် ဆန်တွေအတွက်ကတော့ ပြင်ပပေါက်ဈေး သပ်သပ်ရှိနေပါတယ်။ ဈေးတွေကတော့ တအိတ်ကို ကျပ် ငါးထောင်ကနေ တသောင်းကြား အတက်၊ အကျ ရှိနေတယ်လို့ ဆန်လက်လီ၊ လက္ကား ရောင်းချသူတွေဆီက သိရပါတယ်။

ရွှေဘိုအိုးဝင် တအိတ် တသိန်းရှစ်သောင်းကျပ်၊ ရွှေဘို ထူးထူးရှယ် တသိန်းခြောက်သောင်း ငါးထောင်ကျပ်၊ ကျားပျံ တသိန်းခွဲကျပ်၊ တောင်ပျံ တသိန်းလေးသောင်း နှစ်ထောင်ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး တသိန်းသုံးသောင်း ခြောက်ထောင်ကျပ်၊ ပေါ်ဆန်းရိုးရိုး တသိန်းတသောင်း နှစ်ထောင်ကျပ်၊ ဇီယာ ရှစ်သောင်းလေးထောင်ကျပ် ရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်းသုံးစွဲမှုများတဲ့ စားအုန်းဆီဈေးကတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက် ၅၉၄၅ ကျပ်ဖြစ်ပါတယ်။ တယောက်ကို ဆီခွဲတမ်း ၅၀ ကျပ်သားသာရတဲ့ ရပ်ကွက်အတွင်း တန်းစီဈေးကတော့ ၃၅၀၀ ကျပ်ဖြစ်ပါတယ်။

တန်းစီပြီး ပြန်လည်ရောင်းချတဲ့ဈေးက ကျပ် တသောင်းကနေ တသောင်းတထောင် ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ တပိဿာ ကျပ် ၁၄၀၀၀ ကနေ ၁၆၀၀၀ အထိ ဈေးမြင့်တက်‌နေကာ အလွယ်တကူ ဝယ်ယူလို့မရ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ရွှေ #ဒေါ်လာ #စက်သုံးဆီ #အခြေခံ #စားသောက်ကုန်ဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW