လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်



ဩဂုတ် ၂၇ – ၂၀၂၄
SN (VOM)

လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“ခန့်မှန်းချက်တွေအရ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့်အထိတော့ အားကောင်းလာနိုင်တာကို တွေ့ရတယ်။ ဒါတောင် ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ မုန်တိုင်းတခု ဖြစ်ဖို့ဆိုတာက လေဖိအားနည်းရပ်ဝန်းက စရတာဆိုတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီးမှသာ သူ့ရဲ့ အနေအထား၊ လေတိုက်ခတ်မှု၊ လေဖိအားကျဆင်းမှု အခြေအနေတွေကို ကြည့်ပြီးတော့ ဘယ်လောက်အထိ အားကောင်းမလဲ ဆိုတာကို တွက်ချက် ခန့်မှန်းရမှာပါ။ လောလောဆယ်ကတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်၊ မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်တယ်လို့ပဲ ပြောနိုင်ပါသေးတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။

ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်တတ်တဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံဘက် တိုက်ရိုက် ဝင်ရောက်နိုင်ဖို့ အလားအလာ ရာခိုင်နှုန်းအားဖြင့် အလွန် နည်းပါးတာကာ များသောအားဖြင့် အိန္ဒိယနိုင်ငံဘက်ကိုပဲ ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။

“မုန်တိုင်း တိုက်ရိုက် ဝင်ရောက်နိုင်မယ့် အန္တရာယ်တော့ မရှိဘူးပေါ့။ သို့သော် မုတ်သုံကာလလည်း ဖြစ်နေတော့ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံမိုးတွေတော့ တန်ပြန်ကောင်းလာနိုင်တယ်။ မုန်တိုင်း တိုက်ရိုက် ဝင်ရောက်မှုမရှိရင်တော့ မိုးက များဖို့မရှိဘူး။ ဒါပေမယ့် မုန်တိုင်းဖြစ်ရင် မုတ်သုံပြန်ခေါ်လာမယ်။ မုတ်သုံတခါ ပြန်အားကောင်းလာမယ်။ မိုးရွာသွန်းမယ်။ ဒါပေမယ့် မိုးနှောင်းကာလ ဖြစ်တော့ မိုးလယ်ကာလလောက်တော့ မိုးမများနိုင်ဘူး” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၂၇ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လာမယ့် ဩဂုတ် ၂၉ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တခု ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်မှာတော့ လာမယ့် ဩဂုတ် ၃၀ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း ပင်လယ်ပြင်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းအထိရှိလာတာကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။

“ဒီအခြေအနေ ဖြစ်လာရင် ပထမဆုံး ဖြစ်လာနိုင်တာကတော့ တနိုင်ငံလုံး နေရာအနှံ့အပြား မိုးများလာနိုင်၊ မိုးပိုလာနိုင်တာပါပဲ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဩဂုတ်လကုန်ပြီး စက်တင်ဘာလထဲ စဝင်တာနဲ့ မိုးနှောင်းရာသီထဲကို ရောက်ရှိမှာဖြစ်ပြီး အဲဒီ ကာလမှာ အာရှတိုက် မြောက်ဘက်ခြမ်းက ပင်လယ်သမုဒ္ဒရာတွေ ဟန်ချက်ညီညီနဲ့ လှုပ်ရှားလာနိုင်တာကြောင့် မိုးနှောင်းကာလမိုးတွေကို သတိထား စောင့်ကြည့်ကြရမယ့်အချိန် ဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW