ဘဏ်ချေးငွေ ယူသူတွေနဲ့ အရစ်ကျ ပစ္စည်းဝယ်ထားသူတွေ ထပ်ဆောင်းအတိုးပေးရမယ့်အပေါ် ဝေဖန်နေ



သြဂုတ် ၂၉ ၊၂၀၂၄
Ms(VOM)

ဗဟိုဘဏ်က လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ဘဏ်တွေရဲ့အတိုးနှုန်းကို တိုးမြှင့်လိုက်ဖို့ ကြေညာထားတဲ့အတွက် ဘဏ်ချေးငွေ ယူထားသူတွေ၊ ဘဏ်အရစ်ကျစနစ်နဲ့ပစ္စည်း ဝယ်ယူထားသူတွေ အနေနဲ့ ထပ်ဆောင်းအတိုး ပိုမိုပေးရမှာဖြစ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဘဏ်အပ်ငွေ ၊ ချေးငွေ အတိုးနှုန်းတွေ အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခင်အတိုးနှုန်း ၇ ရာခိုင်နှုန်းအစား ၉ရ ရာခိုင်နှုန်း ကနေ ၁၅ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်လိုက်တာကိုသြဂုတ်လ ၁၄. ရက်က ကြေညာခဲ့ကာ စက်တင်ဘာ ၁ ရက်မှာ ပြောင်းလဲလိုက်တဲ့ အတိုးနှုန်း အတိုင်းကောက်ခံမယ်လို့အသိပေးထားပါတယ်။

ဘဏ်ချေးငွေ နဲ့ အရစ်ကျချေးငွေတွေနဲ့ပတ်သက်ပြီးထပ်တိုးနှုန်းဟာ လာမယ့်စက်တင်ဘာလက စကာ ယခင်အတိုးထက်၂ရာခိုင်နှုန်း တိုးထပ်တိုးပေးဆောင်ရမယ့်အပေါ် ဒီဝန်ဆောင်မှု ရယူထားသူတွေအတွက် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

” အရစ်ကျနဲ့ကားဝယ်ထားတာ လေးနှစ်ကို တလမှာ သုံးသိန်းကျော်နဲ့သွင်းနေတာ ၁၀ လလောက်ပဲ ကျန်တော့ကာမှ အခုအတိုးထပ်တက်လို့ ထပ်တိုးပေးရမယ်လို့ ဘဏ်ကနေစာပို့လာတယ်။ ပစ္စည်းတစ်ခုကို ဒီစျေး နဲ့ သတ်မှတ်ပြီးကြိုက်လို့ဝယ်ပြီးရင် ကုန်စျေးနှုန်းတက်လို့ ထပ်စျေးတင်မယ်ဆိုပြီးလုပ်လို့ရလား။အခုတော့ ကားကြေးက မကြေသေးတော့ အုံနာဘုတ်က သူတို့ဆီမှာဆိုတာနဲ့ ထပ်တိုးနှုန်းလည်း ဆောင်ရတော့မယ်တဲ့ ဘဏ်တိုးတက်တာ ငွေချေးသမားတွေနစ်နာတယ်ဗျာ ။ အပြတ်မဝယ်နိုင်လို့ အရစ်ကျလေးကြိုးစားဝယ်ကာမှ အခုလိုတော့ဘယ်ကြုံချင်မလဲ”လို့မြောက်ဥက္ကလာပ မြို့နယ်မှာနေထိုင်တဲ့အရစ်ကျစနစ်နဲ့ ကားဝယ်ထားသူတယောက်ကပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြင်ဆင်လိုက်တဲ့ ချေးငွေတွေရဲ့အတိုးနှုန်းထဲမှာ နိုင်ငံရဲ့မူဝါဒ အရ ထုတ်ချေးပေးနေတဲ့ အထူးချေးငွေတွေ ကတော့အတိုးနှုန်းပြောင်းလဲမှာ မဟုတ်ပဲ လူပုဂ္ဂိုလ် တယောက်ချင်းအလိုက် ချေးငွေတွေ အတွက် အတိုးနှုန်းတိုးမြှင့်တာလို့ဆိုပါတယ်။

ဘဏ်ချေးငွေ အတိုးနှုန်းတွေ ကို ပြည်တွင်း ဘဏ်တွေအနေနဲ့ စုငွေ ၊ အပ်ငွေတွေအတွက် ၉ရာခိုင်နှုန်းအတွင်းနဲ့ ချေးငွေ တွေအတွက် ၁၅ ရာခိုင်နှုန်း အတွင်း သတ်မှတ်ထားရမယ်လို့ဗဟိုဘဏ်က ကြေညာထားပါတယ်။

” ဘဏ်က အတိုးနှုန်းကို ပြောင်းလိုက်တော့ ငွေစုမယ့်သူတွေအတွက်က မက်လုံးပေးတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘဏ်ကနေ ချေးငွေယူထားတာ၊ ဘဏ်ချေးငွေအရစ်ကျစနစ်နဲ့ အိမ်၊ကား စတဲ့ပစ္စည်းဝယ်ထားတဲသူတွေက ထပ်တိုးတဲ့ အတိုးရာခိုင်နှုန်းတွေ နဲ့ငွေပေးဆောင်ရတော့မယ်ဆိုတော့ သူတို့တွေအနေနဲ့ဝယ်ရင်းစျေးထက်စျေးကြီးလာတယ်ဆိုပြီး ဝေဖန်လာတယ်။ဒါက ဗဟိုဘဏ်ရဲ့မူဝါဒအပေါ်ဘဏ်တွေက လိုက်ပြောင်းပေးရတာဖြစ်တဲ့အတွက် ဘဏ်တိုးပြောင်းတိုင်း ချေးငွေသမားတွေကတော့ ထိခိုက်တဲ့အပိုင်းတွေရှိပါတယ်”လို့ ဘဏ်ဝန်ဆောင်မှုပိုင်းဆိုင်ရာနယ်ပယ် က တာဝန်ရှိသူကပြောပါတယ်။

ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတွေကို တနှစ်ကို တကြိမ်နှုန်း ပြောင်းလဲ သတ်မှတ်နေတာဖြစ်ရာ ၂၀၂၂ခုနှစ် မှာ အောက်တိုဘာလအတွင်း ဘဏ်တိုးနှုန်း ၅ ရာခိုင်နှုန်းကနေ ၆ရာခိုင်နှုန်း ၊ ၂၀၂၃ ခုနှစ် ဇွန်လ မှာ ဘဏ်တိုးနှုန်း ၆ ရာခိုင်နှုန်းကနေ ၇ရာခိုင်နှုန်း နဲ့ ယခု ၂၀၂၄ခု နှစ်မှာ ဘဏ်တိုးကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့်သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW