အိန္ဒိယရေဘေး သုံးရက်အတွင်း ၂၈ ယောက်သေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်မှာလည်း ရေကြီးနေ

ဒေလီ၊ ဩဂုတ်-၂၉-၂၀၂၄
ရတီ(VOM)
အိန္ဒိယနို်ငငံ ဂူဂျာရက်ပြည်နယ်မှာ မုတ်သုံမိုးရွားသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သုံးရက်အတွင်း လူ ၂၈ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
သေဆုံးသူတွေဟာ ရေနစ်တာနဲ့ သစ်ပင်ပိတာမျိုးတွေကြောင့် အများဆုံး သေဆုံးခဲ့တာပါ။ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်မှာ ဒီနေ့လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
မြစ်ချောင်းတွေရေလျှံလာလို့ လူသုံးသောင်းကျော်လည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသတွင်း သတင်းဌာနအချို့ကတော့ သေဆုံးသူ ၃၅ ယောက်ထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ရေဘေးအတွင်း ပိတ်မိနေသူ ၁၈၅၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်တပ်ကို ဖြန့်ကြက်ထားပါတယ်။ ဗာဒိုဒါရာမြို့ဟာ ရေဘေးဒဏ်အဆိုးရွားဆုံးခံရတဲ့ မြို့ဖြစ်ပါတယ်။
ရေးဘေးကြောင့် ကျေးရွာပေါင်း ၁၀၀၀ ကျော်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ရေကြီးပြီး မြေပြိုမှုတွေကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ပါသေးတယ်။
ဂူဂျာရက်ပြည်နယ်ကမ်းရိုးတန်းမှာ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် ပါကစ္စတန်တောင်ပိုင်းကမ်းရိုးတန်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတွေ ဖြစ်ပွားနေပါတယ်။
ကရာချိမြို့မှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ဆစ်ဒ်ပြည်နယ်ထဲက ခရိုင်နှစ်ခုမှာလည်း ရုတ်တရက် ရေကြီးနေတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ဟာ ၂၀၂၂ ခုနှစ်မှာ ရေဘေးဒဏ်အဆိုးရွားဆုံး ခံခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း အိန္ဒိယဘက်က မြစ်ချောင်းတွေရေလျှံမှုရဲ့ နောက်ဆက်တွဲအပါအဝင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံးပြီး လူသုံးသိန်းနီးပါး ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
Ref:Reuters/AFP
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW