မြစ်ကြီးနားမှာ လေယာဥ်လက်မှတ်ခ အပါအဝင် ကုန်စျေးနှုန်းတွေ မြင့်တက်လျက်ရှိ

စက်တင်ဘာ ၄ – ၂၀၂၄
SS (VOM)
လက်ရှိမှာ မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်း ပိတ်ထားတာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လေယာဥ်လက်မှတ်ခ စျေးနှုန်းတွေ မြင့်တက်နေပြီး ဝယ်ယူရ ခက်ခဲနေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေး – ကချင် – စစ်ကိုင်းအစပ် ကားလမ်းပိုင်းရဲ့ မြို့တွေမှာ ကားလမ်းတွေ အကန့်အသတ်မရှိ ပိတ်ထားခဲ့တာကြောင့် လေကြောင်းလိုင်းတခုတည်းကိုသာ အသုံးပြုရတဲ့အတွက် လေယာဉ်လက်မှတ်ခ နှုန်းထားတွေ စျေးမြင့်တက်လာတဲ့အပြင် လက်မှတ်တစောင် ရဖို့အတွက် တပတ်ကနေ ရက်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
“လေကြောင်းကလည်း တခုနဲ့တခုက မတူဘူး။ ဒီလ အစပိုင်းလောက်သွားချင်လို့ လက်မှတ်ဝယ်မှာကို လလယ် ဒါမှမဟုတ်ရင် လကုန်လောက်မှ ရမယ်တဲ့။ အဝေးကြီးကို ကြိုပြီးဖြတ်ရတော့မှာ။ လက်မှတ်ခတွေကလည်း အရောင်းကိုယ်စားလှယ်ပေါ် မူတည်ပြီး ဈေးတွေကမတူဘူး။ အရင်က သုံးသိန်းဝန်းကျင်လောက်ပဲ။ အခုဆို ကျပ် လေးသိန်းကျော်ကနေ ငါးသိန်းကျော်ဝန်းကျင်လောက်အထိကို ထိုးတက်သွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မန္တလေး – မြစ်ကြီးနားကို ပြေးဆွဲနေတဲ့ လေယာဥ်လက်မှတ်ခတွေဟာ မင်္ဂလာလေကြောင်းလိုင်းဆိုရင် ကျပ် လေးသိန်းကျော်အထိ၊ မြန်မာအမျိုးသားလေကြောင်း (MNA) ဆိုရင် ကျပ် ငါးသိန်းကျော်အထိ၊ မန်းရတနာပုံ လေကြောင်းလိုင်းဆိုရင်တော့ ကျပ် ငါးသိန်းခွဲအထိ စျေးမြင့်တက်သွားတယ်လို့ ဆိုပါတယ်။
ဒါအပြင် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပြီး ကချင်ပြည်နယ်အတွင်း ကားလမ်းကနေ အဓိကတင်ပို့တဲ့ ခရမ်းချဥ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ ကုန်စိမ်းတွေနဲ့ စက်သုံးဆီတွေဟာ ကားလမ်းတွေ ပိတ်ထားတဲ့အတွက် လေကြောင်းလိုင်းကသာ တင်သွင်းနေရတာကြောင့် စျေးမြင့်တက်နေသလို တချို့ ကုန်ပစ္စည်းတွေဆို ဝယ်ယူလို့မရတဲ့ အခြေအနေအထိပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
လေကြောင်းကနေ သယ်ယူနေရတဲ့ ကုန်စည်တွေဟာ လေကြောင်းလိုင်း အမျိုးအစားပေါ်မူတည်ပြီး တန်ဆာခ တကီလို ကျပ် ငါးထောင်ကနေ ကျပ် တသောင်းကျော်အထိ ပေးတင်နေရတာဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
မြစ်ကြီးနားမှာ ကြက်ဥ တလုံးကို ၁၀၀၀ ကနေ ၁၂၀၀ ကျပ်ဝန်းကျင်၊ ခရမ်းချဥ်သီး တပိဿာ ကျပ် နှစ်သောင်းဖြစ်နေသလို ကုန်ပစ္စည်းအဝင်မရှိတဲ့ ဖားကန့်မြို့နယ်မှာလည်း ဓာတ်ဆီ တလီတာ တသောင်းကျပ်၊ ကြက်သားနဲ့ ငါးကတော့ တပိဿာ လေးသောင်းကျပ်၊ စားသုံးဆီ တပိဿာ ကျပ် နှစ်သောင်းခွဲ၊ ခရမ်းချဉ်သီး တပိဿာ တသောင်းကျပ်၊ ကြက်ဥတလုံး ၁၀၀၀ ကျပ် ပေးရတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် – စစ်ကိုင်းနယ်စပ်ရဲ့ တိုက်ပွဲအခြေအနေကြောင့် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ မန္တလေး – မြစ်ကြီးနား၊ မန္တလေး – ဖားကန့်လမ်းတွေကို နှစ်ဖက်တပ်ဖွဲ့တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လတ်တလောမှာ ကချင်ပြည်နယ်တွင်းက ပြည်သူလူထုရဲ့ ခရီးသွားလာရေး အဆင်ပြေစေဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဌာနချုပ်ရှိတဲ့ လိုင်ဇာကနေ မြစ်ကြီးနား – ဗန်းမော်ဘက်သွားတဲ့ ဒေါ့ဖုန်းယန် – နွယ်လန်း – ကုန်းလောတလျှောက်က ရွာတွေကို အခု စက်တင်ဘာ လဆန်းပိုင်းကစပြီး ဘတ်စ်ကားလိုင်း ပြေးဆွဲပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW