မင်းပြားမြို့မှာ အိမ်ခြေ ၃၀၀ နီးပါး ရေထဲမျောပါပြီး လူတယောက် ပျောက်ဆုံး

စက်တင်ဘာ ၂၀ – ၂၀၂၄
SS (VOM)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ရေကြီးမှုကြောင့် လူတယောက် ပျောက်ဆုံးနေပြီး ကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်ခဲ့ကာ အိမ်ခြေ ၃၀၀ နီးပါး ရေထဲမျောပါသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး ဖုံသာချောင်းရေ မြင့်တက်ခဲ့မှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ မင်းပြားမြို့နယ်က နတ်ထောင့်ရွာဟောင်း၊ နတ်ထောင့်ရွာသစ်၊ ဇိုင်ချောင်း၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီချောင်း၊ ပြင်းချောင်း၊ ကိုင်းကြီး၊ ပြင်းဝ၊ သရက်အုပ်၊ ရွာသာယာ၊ င/လင်းကြီး၊ င/သာ၊ ခချီးမြောင် (အောက်၊ အထက်)၊ စေတီရံ၊ လက်ပံကိုင်း၊ နတ်ကံပြင် အစရှိတဲ့ ကျေးရွာတွေအပြင် ကျေးရွာအများအပြားမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အများစုက ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ဖုံသာချောင်းက ရခိုင်ရိုးမနဲ့ အရမ်းနီးတဲ့ချောင်းပေါ့။ ရခိုင်ရိုးမတောင်ပေါ်ကနေ စီးလာတဲ့ရေတွေက ချောင်းထဲလျှံလာပြီး ရွာတွေထဲ ရောက်လာကုန်တာ။ ရေစီးလည်းအရမ်းသန်တယ်။ စက်တင်ဘာ ၁၄ ရက်နေ့ကဆို ကျေးမကြီးရွာက ချင်းအမျိုးသားတယောက် ရေစီးနဲ့မျောပါသွားတာရှိတယ်။ ဒီနေ့နဲ့ဆို ခြောက်ရက်လောက်ရှိပြီ။ ပြန်မတွေ့သေးဘူး။ အသက်ကတော့ ၄၀ ဝန်းကျင်လောက်ပေါ့။ အဲဒီကျေးရွာတွေမှာ ချင်းလူမျိုးတွေ အများစု နေထိုင်ကြတယ် ဆိုပေမယ့် စစ်ဘေးလာရှောင်နေတဲ့သူတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေကြီးမှုကြောင့် နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တာမှာ အဲဒီထဲက နေအိမ် အလုံး ၂၀၀ ကျော်ကတော့ လုံးဝ ပျက်စီးသွားခဲ့ပြီး နေအိမ် ၅၀ ဝန်းကျင်လောက်ကတော့ တချို့တဝက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွင်း ဒေသခံ ၃၀၀၀ ခန့် ရေဘေးသင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ရေပြန်ကျသွားပြီဖြစ်တာကြောင့် ရေဘေးသင့်ပြည်သူတချို့ဟာ သူတို့ရဲ့ နေအိမ်တွေမှာ ပြန်လည် နေထိုင်နေကြပြီဖြစ်ပေမယ့် နေအိမ်ပျက်စီးသွားသူတွေကတော့ ပြင်ဆင်ဖို့အတွက် လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။
“အခုက ရေကတော့ ပြန်ကျနေပါပြီ။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ထင်တယ်။ အခုအချိန်အထိ ဘာအကူအညီမှ မရသေးဘူး။ ရွာတွေမှာ သိုလှောင်ထားတဲ့ ဆန်၊ စပါးတွေလည်း ရေမြုပ်ပျက်စီးကုန်တယ်။ စားရေးသောက်ရေးအတွက် အကုန်ဒုက္ခရောက်နေကြတယ်။ နေစရာ အိမ်မရှိတော့တဲ့သူတွေအတွက် အမိုးအကာ အကူအညီတွေလည်း အရေးအပေါ် လိုအပ်နေတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
သောက်သုံးရေမသန့်ရှင်းတဲ့အတွက် ကလေးငယ်တွေအပါအဝင် လူအယောက် ၄၀ ကျော် အရေပြားရောဂါတွေ ခံစားနေရပြီး စက်တင်ဘာ ၁၈ ရက်နေ့က ရေဘေးသင့် ကလေးငယ်တယောက် အရေပြားရောဂါကြောင့် မြောက်ဦးဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
“ပြီးတော့ ဖျားနာနေကြတဲ့သူတွေလည်းရှိတော့ ဆေးဝါးအကူအညီတွေလည်း လိုပါတယ်။ ဒီနေရာတွေက နှစ်တိုင်း ရေကြီးနေကျဆိုပေမယ့် ဒီနှစ်ကတော့ ရေကြီးတာနှစ်ကြိမ်ရှိပြီ။ ရေစဝင်ပြီဆိုကတည်းက ကြိုပြီး ပြောင်းရွှေ့ထားကြလို့သာ အသေအပျောက်နည်းတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ရခိုင်ရိုးမတောင်ပေါ်မှာ မိုးရွာသွန်းမှု ဆက်လက် ရှိနေသေးတာကြောင့် ဖုံသာချောင်းရေ ထပ်မံမြင့်တက်နိုင်တဲ့ အခြေအနေမှာရှိနေပြီး လေးမြို့မြစ်ရေဟာလည်း ပြန်လည်ကျဆင်းမှု မရှိသေးဘူးသိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW