ပလက်ဝစစ်ရှောင် တသောင်းကျော် အကူအညီ‌တွေ လိုအပ်နေ



အောက်တိုဘာ ၆ – ၂၀၂၄
SN (VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ပလက်ဝ စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ဆောင်းတွင်းအဝတ်အထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်ဟာ ပလက်ဝမြို့နယ်နဲ့ မီဇိုရမ်ပြည်က လူဦးရေစာရင်းဖြစ်ပြီး လက်ရှိ မီဇိုရမ်မှာ ပလက်ဝစစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိကာ ပလက်ဝမြို့နယ်မှာတော့ တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေက အလုပ်အကိုင်ကလည်း မရှိကြတော့ ပုံမှန်ဝင်ငွေလည်း မရှိကြဘူး။ အရမ်းဒုက္ခရောက်နေကြတယ်။ အလှူရှင်တွေရဲ့ အားနဲ့ပဲ ရပ်တည်နေရတာပေါ့။ စားနပ်ရိက္ခာ၊ ဆေးဝါး အဲဒါတွေလည်း မလုံလောက်ကြဘူး။ ပြီး‌တော့ ဆောင်းရာသီကလည်း ရောက်လာတော့မှာဆိုတော့ အနွေးထည်အင်္ကျီ၊ ဘောင်းဘီ၊ စောင် စတဲ့ အကူညီတွေလည်း လိုအပ်နေကြတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) က အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ ဆက်လက် တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

“စစ်ရှောင်စခန်းတွေမှာ ဘယ်လိုမှ အဆင်မပြေတော့လို့ နေရပ်ကို ပြန်ချင်ကြပေမယ့်လည်း နယ်မြေ အခြေအနေကြောင့် ပြန်ဖို့ခက်နေတယ်။ ရာသီဥတုအခြေအနေကလည်း မကောင်းတော့ သွားလာရေးကလည်း အဆင်မပြေဘူးလေ။ နေရပ်ပြန်သွားလို့ တိုက်ပွဲဖြစ်ရင် ထပ်ပြီးပြေးရမှာကိုလည်း စိုးရိမ်ကြတယ်။ အကူအညီ လိုအပ်နေတာတွေကတော့ အများကြီးပါ။ ပြည်တွင်းကရော ပြည်ပမှာရှိတဲ့ အလှူရှင်တွေအနေနဲ့ရော ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar) ရဲ့ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၆ ဒသမ ၅ သန်းကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခု ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့နေရာအနှံ့မှာ တိုက်ပွဲပေါင်း တသောင်းခုနစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ မြို့ ၇၀ ရာခိုင်နှုန်းဟာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသုံးနှစ်ကျော်အတွင်း ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေးတို့မှာ ပိုပြီး ခက်ခဲလာတယ်လို့လည်း ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW