အောက်တိုဘာ ၈၊ ၂၀၂၄
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု ကျပ်သိန်းပေါင်း ငါးသောင်းကျော် တန်ဖိုးရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ပြီး တောင်ကြီးမြို့နယ်အတွင်း တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ကျောက်တလုံးကြီး၊ ပုံးအင်းစတဲ့ ဒေသတွေနဲ့ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့ပေါ်၊ နမ့်ပန်၊ အင်းလေးဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အင်းလေးနဲ့ ပုံးအင်း၊ နမ့်ပန်ကတော့ ရေမကျသေးဘူး။ ကျန်တဲ့နေရာကတော့ ကျသွားကြပြီ။ စပါးခင်းတွေတော့ ရေမြှုပ်နေတုန်းပဲ။ ပျက်စီးဆုံးရှုံးမှုကတော့ တော်တော်လေး များတယ်။ သိန်း ၅သောင်း ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေနဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ ပိုင်ရှင်တွေက စာရင်းပြုစုပြီး တွက်ချက်ထားတာပေါ့။ ဒါတောင် လမ်း၊ တံတားပျက်စီးတာတွေ ထည့်မတွက်ထားဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူ တယောက်က ပြောပါတယ်။
အဲဒီဒေသတွေမှာ နေအိမ်တွေ၊ ဆိုင်ခန်း၊ စျေးဆိုင်ခန်းတွေ၊ ကုန်ပစ္စည်း ဂိုထောင်တွေ၊ စပါးဂိုထောင်တွေ၊ ဆန်စက်တွေ၊ ဓါတ်မြေဩဇာ သိုလှောင်ရုံတွေ ရေနစ်မြှုပ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးခဲ့သလို အထည်အလိပ်တွေ၊ ဆေးဝါးတွေ၊ စားသောက်ကုန်တွေ ရေစိုပျက်စီးမှုတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလော-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ဆိုင်ခန်းများအားလုံး ရေကြီးရေနစ်မြုပ် ခဲ့တာကြောင့် ဆိုင်ခန်းရှိ ကုန်ပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ ဘိလပ်မြေတွေ၊ သံထည်ပစ္စည်းတွေလည်း ရေစိုပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဒေသတွေမှာ စက်တင်ဘာလ ၁၁ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၇ရက်အထိ သဘာဘေးအန္တရာယ်ကြောင့် တောင်ကြီးမြို့နယ်မှ ပြည်သူ သုံးယောက်၊ ညောင်ရွှေမြို့နယ်မှ ပြည်သူ လေးယောက် သေဆုံးခဲ့ပြီး တောင်ကြီးမြို့နယ်မှ ပြည်သူ နှစ်ယောက်၊ ညောင်ရွှေမြို့နယ်မှ ပြည်သူ ၁၀ ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
Photo:CJ