ပင်လည်ဘူးကို ဒေသတွင်းတပ်တွေ ထိန်းချုပ်ထားကြောင်း သတင်းထွက်ပေါ်



အောက်တိုဘာ ၈ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း (အထက်ပိုင်း) က ပင်လည်ဘူးမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းမှာ ဒုတိယအကြိမ်အဖြစ် ထိန်းချုပ်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

KIA/PDF ပူးပေါင်းတပ်တွေအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှ စတင်ကာ ပင်လည်ဘူးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လနီးပါး ကြာမြင့်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးကျန်နေတဲ့ ပင်လည်ဘူးမြို့မရဲစခန်းကို သိမ်းပိုက်ခဲ့ကာ အဲဒီမြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပင်လည်ဘူးက လက်ကျန်စခန်းကို တိုက်ခိုက်ပြီး ဒီမနက်မှာတော့ မြို့ကို အပြီးသတ်သိမ်းလိုက်ပြီလို့ သိရတယ်။ လက်ရှိမှာတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာရှိတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း KIA/PDF ပူးပေါင်းတပ်တွေဟာ ပင်လည်ဘူးမြို့ကို ပထမအကြိမ်အဖြစ် တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပေမယ့် နစကဘက်က အပြင်းအထန် ပြန်လည် ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ပင်လည်ဘူးမြို့ ဒုတိယအကြိမ် သိမ်းပိုက်ခံရတဲ့ သတင်းနဲ့ ပတ်သက်လို့ နစကဘက်ကရော KIA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ပင်လည်ဘူးမြို့နဲ့အတူ အင်းတော်၊ ထီးချိုင့်မြို့တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အင်းတော်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် KIA/PDF ပူးပေါင်းအဖွဲ့က မန္တလေး – ကချင် – စစ်ကိုင်းအစပ် ကားလမ်းပိုင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့တဲ့အတွက် ကချင်ပြည်နယ်တဝန်း ကုန်ဈေးနှုန်းတွေ မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW