စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော် ထမင်းနပ်မမှန် ဖြစ်နေ

အောက်တိုဘာ ၁၂ – ၂၀၂၄
SS (VOM)
လက်ရှိ ရခိုင်ပြည််နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ သံတွဲမြို့ရှိ စစ်ဘေးရှောင် တသောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး ဆန်ရှားပါးမှုကြောင့် ထမင်းနပ်မမှန် ဖြစ်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ သိမ်းပိုက် ထိန်းချုပ်ထားပေမယ့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်ကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ ဘေးလွတ်ရာနေရာတွေမှာ လက်ရှိအချိန်အထိ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
“ဒေသခံတွေက အလုပ်အကိုင်တွေလည်း မရှိကြဘူး။ ငါးဖမ်းလုပ်ငန်းတွေကလည်း ရပ်ထားရတယ်။ သူများနေရာမှာ စစ်ဘေးရှောင်နေရတာဆိုတော့ ကြာလာတော့ စားရေးသောက်ရေး အဆင်မပြေတော့ဘူး။ အဓိက လိုအပ်နေတာကတော့ ဆန်ပေါ့။ ဆန်က မရှိသလောက် ဖြစ်နေပြီ” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လမ်းခရီးပိတ်ဆို့မှုတွေလည်း ရှိနေတဲ့အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ကုန်ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်နေတာကြောင့် ပိုပြီး အခက်တွေ့နေရတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့လည်း အစပိုင်းမှာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ရသလောက် ကျွေးနိုင်ပါသေးတယ်။ ဒါပေမယ့် စစ်ရှောင်တွေ တဖြည်းဖြည်းများလာတော့ အဆင်မပြေတော့ဘူး။ အလှူရှင်အင်အားကလည်း နည်းတယ်လေ။ အဲဒီတော့ ကျန်းမာရေးအတွက်က ခဏထား။ ထမင်းနပ်မှန်အောင် ကျွေးနိုင်ဖို့ကိုပဲ ဦးစားပေး ကြိုးစားနေရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေ အတွက် တပတ်ကို ဆန်အိတ်ရေ ၁၇၀ ခန့် ကုန်ကျမှုရှိနေပြီး ငွေကြေးပမာဏအားဖြင့် သိန်း ၂၀၀ ဝန်းကျင်အထိ ကုန်ကျစရိတ်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိ သံတွဲမြို့မှာ ဒေသခံ စစ်ဘေးရှောင်တွေ အပါအဝင် လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်တို့မှ ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
သံတွဲမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်မှစတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြို့ခံတချို့ဟာ ပြည်မနဲ့ တခြားလွတ်မြောက်ရာကို တိမ်းရှောင်ကြခဲ့ကြသလို တချို့ကတော့ အဲဒီမြို့နယ်ရှိ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံပြီး နေထိုင်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ ဂွမြို့နယ်နဲ့ ကျိန္တလီကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဲဒီ မြို့နယ်တွေက ဒေသခံတွေဟာ သံတွဲမြို့ထဲကို လာရောက် စစ်ဘေးရှောင်နေကြသူတွေ ရှိနေသလို ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းဘက်ကို တိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW