ဥသျှစ်ပင်မြို့အနီးမှာရှိတဲ့ တောင်ကုတ်ရိုးမပေါ်က တောင်ပုံကြီးစခန်းမှာ တိုက်ပွဲဖြစ်နေလို့ ပဲခူးတိုင်းဘက် စစ်မီးကူးမှာ ဒေသခံတွေစိုးရိမ်
ဇန်နဝါရီ ၃ – ၂၀၂၅
GG (VOM)
ပြည်ခရိုင် ၊ဥသျှစ်ပင် မြို့နယ်နမိတ်အနီးမှာရှိတဲ့ တောင်ကုတ် ရိုးမပေါ်က တောင်ပုံကြီးစခန်းကို AA ကဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။
အဆိုပါတောင်ပုံကြီးစခန်းဟာ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ နစကရဲ့လုံခြုံရေးတပ်စခန်းတခုဖြစ်ပြီး ဥသျှစ်ပင်မြို့နဲ့နီးကပ်နေတဲ့စခန်းတခုလည်းဖြစ် တယ်လို့သိရပါတယ်။
” ဥသျှစ်ပင်မြို့နယ်ထဲမပါဘူး။တောင်ကုတ်ရိုးမပေါ်ကစခန်းပါ။ ရခိုင်ပြည်နယ်ထဲပါတာပေါ့ ။ဒါပေမယ့် တောင်ပုံကြီးကနေဆိုရင် ဥသျှစ်ပင်ကိုကားနဲ့ဆိုရင် ၁နာရီခွဲလောက်ပဲမောင်းရမယ်ဆိုတော့ နီးတယ်ပြောရမယ်။ အဲဒီရိုးမပေါ်က အသွားအလာလုပ်လို့လည်းမရဘူးလေ။စစ်တပ်ပဲသွားလို့ရတယ်။ တောင်ပုံကြီးဘက်မှာတိုက်ပွဲဖြစ်နေတာတော့ မှန်တယ်။ “လို့ ဥသျှစ်ပင်ဒေသခံကပြောပါတယ်။
တောင်ပုံကြီးစခန်းကို မနေ့က ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းကတည်းက AA ကစတင်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ် ။
တောင်ပုံကြီးစခန်းဟာ တောင်ကုတ်မြို့နယ်အပိုင်ပါပေမယ့် ဥသျှစ်ပင်မြို့နဲ့နီးကပ်လာတာကြောင့် ဒေသခံတွေကတော့ ရခိုင်ပြည် နယ်ကတိုက်ပွဲတွေ ကူးစက်လာမှာကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။
” တိုက်ပွဲပြင်းထန်သလား မပြင်းထန်ဘူးလားသေချာတော့မသိပေမယ့် လေယာဥ်တွေကတော့ခုရက်ပိုင်းတအားကို သွားတာတွေ့ရတယ်။တိုက်ပွဲတွေဒီဘက်ရောက်လာမှာတော့စိုးရိမ်တာပေါ့။ဒါပေမယ့်လည်းဖြစ်လာရင်တော့ရှောင်လို့မှမရတာ။ခုထိတော့အခြေအနေအေးဆေးပါပဲ။” လို့ ပန်းတောင်းဒေသခံကပြောပါတယ်။
ဥသျှစ်ပင်မြို့နဲ့ပန်းတောင်းမြို့ဟာ ပြည်ခရိုင်ထဲမှာပါပြီး ပြည်မြို့ ၊ဧရာဝတီမြစ်တဖက်ကမ်းမှာတည်ရှိတာဖြစ်ပြီး ဥသျှစ်ပင်မြို့မှာ နစကရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ၆ ရှိပါတယ်။ပန်းတောင်းမှာလည်း နစကရဲ့ မြို့အခြေစိုက်စစ်တပ်စခန်းတွေရှိသလို ပြည်မြို့မှာဆိုရင်လည်း ခြေမြန်တပ်ရင်း အပါအဝင်တပ်စခန်းအတော်တော်များများရှိပါတယ်။
ဥသျှစ်ပင်၊ပန်းတောင်း၊ပြည်မြို့နယ်တွေမှာတော့ နစကမှ ခံစစ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလည်းလုပ်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...