ဇန်နဝါရီ ၁၈ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကို စတင်တင်းကြပ်နေပြီး နယ်ကပြောင်းလာသူတွေနဲ့စစ်ဘေးရှောင်လာသူတွေကို အဓိကထားစိစစ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ
အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကိုစတင်တင်းကြပ်နေပါပြီ။ပြောင်းရွှေ့လာတဲ့ဒေသက ရပ်ကွက်/ကျေးရွာတွေရဲ့ထောက်ခံစာမပါဘူးဆိုရင် ဧည့်စာရင်းမပေးတော့ပါဘူး။ မြို့နယ်အတော်များများမှာပေါ့။အပြည့် အစုံတော့မသိရပါဘူး”လို့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က VOM ကို ပြောပါတယ်။
လက်ရှိကာလမှာ ဧည့်စာရင်းတိုင်တန်းမယ်ဆိုပါက အိမ်ရှင်ကိုယ်တိုင်လာရောက်ဖို့နဲ့အိမ်ရှင်မှ ကိုယ်တိုင် မိမိတို့ အိမ်ဌားကိုဧည့်စာရင်းပြုလုပ်ပေးရမယ်လို့ သိရပြီး အိမ်ရှင် ကိုယ်တိုင်မလာရောက်ပါက ဧည့်စာရင်းမထုတ်ပေးဘူးလို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ အသိပေးထားတယ်လို့ သိရပါတယ်။
ဒါအပြင် အိမ်ဌားမှ အိမ်ရှင်အိမ်ဌားစာချုပ်၊မူရင်း/မိတ္တူ၊ နိုင်ငံသားအမှတ် မူရင်း/မိတ္တူတို့အပြင် မိမိတို့ပြောင်းရွှေ့ဒေသမှ ထောက် ခံစာမူရင်းတို့ အပါအဝင် နေထိုင်မယ့်သူအားလုံးရဲ့မှတ်ပုံတင်တွေကို ယူဆောင်လာရမှာဖြစ်သလို အိမ်ဌားမှအထက်ပါ အချက် အလက်တွေ မပါရှိပါက ဧည့်စာရင်းကိုမဆောင်ရွက်ပေးဘူးလို့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့ဝင် တယောက်က ပြောပါတယ်။
“နယ်ကလာတဲ့သူတွေက အဓိကထား စိစစ်နေတာလို့ ပြောပါတယ်။စစ်ရှောင်လာတဲ့သူတွေပေါ့၊နယ်ပြောင်းတွေကို အဓိကထားစိစစ်နေတယ်လို့ ကြားပါတယ်”လို့ အုပ်ချုပ်ရေးပိုင်း
ဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ဧည့်စာရင်းနဲ့ နေထိုင်သူများအနေနဲ့အိမ်ရှင်/အိမ်ဌား စာချုပ်မိတ္တူ၊ မိမိတို့ရဲ့ အိမ်နေ မိသားစုဝင်ဓါတ်ပုံတို့ကိုပါ ပူးတွဲပေးပို့ပြီး ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားရတာဟာ ယခင်ကတည်းက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်ဖြစ်တယ်လို့ သိရပါတယ်။
VOM က စုံစမ်းမေးမြန်းမှုတွေအရ တချို့သော မြို့နယ်/ရပ်ကွက်တွေမှာ ဧည့်စာရင်းကို တလတခါ တိုင်တန်းခွင့်ပေးတာမျိုးရှိသလို အချို့သော မြို့နယ်/ရပ်ကွက်တွေမှာတော့ ဧည့်စာရင်းကို တပတ်တခါသာ တိုင်တန်းခွင့်ပြုထားတယ်လို့လည်း သိရှိရပါတယ်။
“ဧည့်စာရင်းကို တင်းကြပ်လိုက်တယ်ဆိုတာက နယ်ကပြောင်းရွှေ့လာတဲ့သူတွေထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့သူတွေ ပါလာမှာ စိမ့်ဝင်လာမှာကို စိစစ်လိုက်တဲ့သဘောပါ။ရိုးရိုးသားသားပြောင်းရွှေ့နေထိုင်လာသူတွေ စစ်ဘေးရှောင်လာသူတွေဆိုရင် အထောက်အထားအပြည့်အစုံပါရင် ဧည့်စာရင်းတိုင်လို့ရပါတယ်၊ပြုလုပ်ပေးပါတယ်”လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါအပြင် ပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် ရန်ကုန်၊မန္တလေးတို့လို မြို့ကြီးတွေကို ပြောင်းရွှေ့နေထိုင်သူတွေနဲ့
စစ်ဘေးရှောင်လာသူတွေဟာ ယခုနှစ်ပိုင်းအတွင်းမှာ အများအပြားရှိနေတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Photo – CJ