ဝိန်းဆိုင်ရွာမှာ MNDAA ရုံးသစ်ဖွင့်ဖို့ ပြည်သူပိုင် ဆန်စက်ရုံကို ဖယ်ရှားခိုင်းလို့ ‌ ပြည်သူ ရာချီ ဆန္ဒပြ

ဇန်နဝါရီ ၂၂၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဝိန်းဆိုင်ရွာမှာ MNDAA တပ်ဖွဲ့က ရုံးသစ်ဖွင့်ဖို့ ပြည်သူပိုင် ဆန်စက်ရုံကို ဖယ်ရှားခိုင်းလို့ ‌ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်ကစ ပြည်သူ ရာချီ ဆန္ဒပြခဲ့ကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီ စပါးကြိတ်စက်ရုံကို လုံးဝ မပြောင်းရွှေ့ပေးနိုင်ဘူး။ ဒေသခံ ပြည်သူတွေ စပါးကြိတ်နေတဲ့ စက်ပဲ။ ဒီစပါးကြိတ်စက်က ပြည်သူတွေ ဘာလုပ်လုပ် မင်းတို့ ( MNDAA)နဲ့ မဆိုင်ဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အခုချိန်မှာ ပြည်သူတွေ ဆင်းရဲ ဒုက္ခ များစွာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေရတာဖြစ်ပြီး တိုက်ပွဲပြီးလို့ ပြည်သူတွေ အခုမှ နလန်ထလာနိုင်တာ‌ေကြာင့် အဲဒီ ဘုံ စပါးကြိတ်စက် ဖယ်ရှားပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။
“ဟိုတ‌နေ့က ဟုတ်တယ်။ ဒေသခံ ပြည်သူတွေ ဆန္ဒပြတယ်။ အဲလို ဆန္ဒ ပြတော့ ကိုးကန့် စစ်သားတွေ ပြန်လှည့်ပြန်သွားကြတယ်။ ၁၈ ရက်နေ့။ ပြဿနာက ကိုးကန့်တွေ သူတို့ ‌နေရာယူဖို့ လုပ်တာမှာ ဒေသခံ ပြည်သူတွေ သဘောမတူဘူး။ အင်အားပြ လို့ ပြန်လှည့်သွားကြတာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ပြည်သူပိုင်တဲ့ ဆန်စက်နဲ့နေရာကို MNDAA တပ်ဖွဲ့တွေက ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခန့်က လက်နက်ကိုင် ခြိမ်းခြောက်ဖယ်ရှားခိုင်းတာ လက်မခံနိုင်လို့၊ ပြည်သူပိုင်တဲ့ပစ္စည်းနဲ့နေရာကို မပေးနိုင်လို့ မနက် ၁၁ နာရီလောက်ကနေစပြီး တရွာလုံးက ပြည်သူတွေ ဆန္ဒပြတောင်းဆိုနေတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် MNDAA တွေ ထိန်းချုပ်ထားနဲ့ နောက်ပိုင်း မုံးကိုးမြို့ရှိ ကချင်ရိုးရာ ယဉ်ကျေးမှု မနောကွင်းကိုလည်း အဆောက်အဦး ဆောက်လုပ်ရန် ပိတ်ပင်တားဆီးခြင်း၊ ဖယ်ရှားခိုင်းခြင်း၊ မေးမြန်းတာမရှိပဲ တူးဆွခြင်း၊ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ လောင်းကစားပွဲတွေ ပြုလုပ်ခြင်း မကြာခဏ ပြုလုပ်နေကြောင်း၊ မည်သူမည်ဝါ အုပ်ချုပ် အုပ်ချုပ် ပြည်သူတွေကို အနိုင်ကျင့်တာမျိုးတော့ လက်မခံနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW