(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ RCSS/SSAတို့ ပူးပေါင်းကျင်းပမယ်

ZY(VOM)
ဇန်နဝါရီ ၂၅၊ ၂၀၂၅
(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်အခမ်းအနားကို မိုင်းပန်မြို့နယ်၊ နားဆာလဲ‌ကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာ ဖေဖော်ဝါရီလ ၇ရက်ကနေ ၈ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
“၆ရက်နေ့ကတော့ ဧည့်သည်တော်တွေကို ကြိုဆိုတာတွေ လုပ်မယ်၊ ပွဲတော့ မစသေးဘူးပေါ့။ ၇ရက်နေ့ မနက် ၈နာရီမှာ အခမ်းအနားစမယ်၊ ည ၆နာရီကျရင် ထမင်းလက်ဆုံစားပွဲလုပ်မှာ ဖြစ်ပါတယ်။ ၈ရက်နေ့ ညနေ ၆နာရီကြရင်တော့ ဖျော်ဖြေပွဲလုပ်မှာပါ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ပွဲတော်တက်ရောက်ဖို့ နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းဖိတ်ကြားထားသလို တောင်ကြီးအခြေစိုက်(ရပခ)၊ ခိုလမ်အခြေစိုက်(ရလခ) နဲ့ ကျိုင်းတုံအခြေစိုက်(တသခ)တို့မှ တိုင်းမှူးများ၊ သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီ (၇)ခုနဲ့ အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ကျရောက်ခဲ့တဲ့ ၇၆နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဌာနချုပ်၊ လွယ်တိုင်းလျဲန်မှာ ကျင်းပခဲ့ပြီး နစကဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်တက်ရောက်သလို NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၆ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Tai Freedom

Related posts

Leave a Comment

VOM News

FREE
VIEW