ဆူးငှက်
“နယုန်မိုးသေး မြက်သားမွေး…”တဲ့။
“ဝါဆိုတကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး…” တဲ့။
မိုးလေးတွေရွာချ၊ မိုးကလေးအေးမြ…၊ မိုးတွင်းကာလ အဝင်မှာပဲ မိုးနည်းတဲ့ အပူပိုင်းဒေသအဖို့ အခုမှ ခြေခင်းလက်ခင်း သာ။ နေသာထိုင်သာရှိတော့သည်။ သည်လို ဥတုသပ္ပာယဖြစ်တဲ့ ရာသီမှာပဲ ဝါဝင်တော့မည်။ ဝါတွင်းရောက်လျှင် ဥပုသ်သီတင်း သီလဆောက်တည်မည်။ ဗုဒ္ဓဝတ်၊ ဓမ္မဝတ်၊ သံဃဝတ်များဖြည့် မည်။ ဝါဆိုလပြည့်တာနှင့် အညာတစ်ခွင်က ဘုရားပွဲတွေစကြ တော့မည်။ သမိုင်းပြောင်မညှိုးတဲ့ စစ်ကိုင်းတောင်ရိုးမှာ ဝါဆို လပြည့်ကစတင်ပြီး ဆွမ်းဦးပုညရှင်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲ တော်ကျင်းပသည်။ ဝါတွင်းဥပုသ်တိုင်း အစဉ်အလာအတိုင်း တောင်ရိုးနှင့် မြို့ပေါ်ကဘုရားတွေ ကျင်းပကြ၏။ ဟော… ဝါလ ကင်းလွတ် သီတင်းကþတ်လပြည့်မှာ ကောင်းမှုတော်စေတီ ဘုရား ပွဲနှင့် ပိတ်သိမ်း၏။
သည်လို ဝါတွင်းမှာပဲ ရွှေမန်းသူလေးတွေကတော့…
“တစ်နေ့သော ဝါတွင်းအခါ၌
ခြူသံလေးတွေ နားဝင်အေးလောက်ပေ…
ကျုံးနံဘေး၊ ဖြည်းဖြည်းဆေးဆေး နွားပြာညိုလေးတွေ
နွားဝါပျိုလေးတွေ၊ ပေါ့ပါးကာ ပျံမလိုနေ
လူ၊ နွားရော စိတ်ဝယ်စောကြရှာမယ်လေ…
လှည်းတွေဝိုင်းလို့ ပျော်ပျော်ပါးပါး၊
ဘုရားရောက်ရင် ဟိုတောင်ခြေ။
အပန်းပျောက်ဖို့ ဖြေမယ်လေ…၊
အစားအသောက်တွေ စုံလင်ပေ…”ဆိုသည့် မြို့မငြိမ်း သီချင်းစာသားကဲ့သို့ ဘုရားပွဲသွားကြသည်။
မြေလတ် ပခုက္ကူက သီဟိုရှင်ဘုရားပွဲကြီးကလည်း နယုန်လကုန်အထိ ကျင်းပခဲ့ပြီ။ သည်လိုနှင့် ဘုရားပွဲတွေက ဆက်တိုက်…။ မန္တလေးမှာတော့ ဘုရားပွဲတွေကို သီတင်းကျွတ် လဆန်းမှစ၍ တပေါင်းအထိ အကြားအလပ်မရှိ ကျင်းပခဲ့ကြ သည်။
ဘုရားပွဲတော်တိုင်း၌ မြန်မာလူမျိုးများပီပီ အလှူ အတန်းသာမက ဈေးရောင်းဈေးဝယ်၊ ရိုးရာအစားအစာ၊ ပျော်ပွဲ ရွှင်ပွဲများလည်း ထောင့်စေ့ပါဝင်ထည့်သွင်း ကျင်းပခဲ့ကြ၏။ သည် နေရာတွင် ပျော်ပွဲရွင်ပွဲဆိုရာ၌ စည်တော်ကြီး၊ ဆိုင်း၊ အငြိမ့်၊ ဇာတ်ပွဲများဟုပဲ ထင်ကောင်းထင်ကြပေမည်။ ဘုရားပွဲများ၏ ပျော်ပွဲရွှင်ပွဲများတွင် မန္တလေးအပါအဝင် အညာဒေသအချို့၌ ရိုးရာခြင်းဝိုင်းများလည်း ပါသည်။ လူငါးယောက် ခတ်ကစားသော ခြင်းဝိုင်းတွင် မောင်းဆိုင်း သို့မဟုတ် သံပတ္တလား၊ ခြောက်လုံးဒိုး၊ အုပ်စုံ၊ နှဲ၊ စည်းဝါးတို့ပါဝင် သော ခါးပြတ်ဆိုင်းအဖွဲ့က ခြင်းခတ်ကစားသူများ၏ “ခြင်းပေါက်” များအလိုက် သီချင်း၊ တီးလုံးများ တီးမှုတ်ပေးသည်။ သို့ပေမယ့် ခြင်းတီးဝိုင်း၌လည်း သမားစဉ်ရှိသဖြင့် ထိုသမားစဉ်တီးလုံးအတိုင်း ခြင်းဝိုင်းက ခတ်ကစားကြ၏။ ကနဦးအစ ခြင်းခတ်ကစားသူများ သွေးပူ လေ့ကျင့်ခဏ်းအနေနှင့် တီးဝိုင်းက ပုံမှန် ဝါးလတ်စည်းနှင့် တီးလုံးကို တီးသည်။ နန်းတော်ရှေ့ဆရာတင်ရေးသားသော “မြန်မာဂုဏ်ရည်”သီချင်းအသွားလိုမျိုး၊ ကြော့ကာ ကြော့ကာ တီးသည်။ အနည်းငယ်သွေးဆူလာတော့ စည်းသွက်ဖြင့် အိုးစည် သွားလိုတီးလုံးမျိုးတီး၏။ ခြင်းမင်းသားနှင့် နင်လားငါလား ပညာပြ တီးခတ်ကစားချိန်မှာတော့ ဆိုင်းက ဗိန်းမောင်းတိုက်ပေးတာမျိုး ဖြစ်သည်။
မန္တလေးမဟာမုနိဘုရားကြီးတွင်ကျင်းပသော ဝါဆိုခြင်း ပွဲတော်မှာ တစ်ပြည်လုံးသာမက နိုင်ငံခြားက ခြင်းဝါသနာရှင်များ ပင် ပါဝင်ခတ်ကစားကြသည်။ ခြင်းအသင်းပေါင်း ထောင်ချီပါဝင် ကာ တစ်ဝါတွင်းလုံး ခတ်ကစားကြသည်။
အလားတူ ဘုရားပွဲတော်များ၌ပါဝင်သော ဖျော်ဖြေမှု ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ချောတိုင်တက်ကစားပွဲဖြစ်သည်။ ချောတိုင် တက်ပွဲကတော့ မြန်မာပြည်တစ်ခွင် တစ်နံတစ်လျား ကျင်းပပြုလုပ် လေ့ရှိသည့် ကစားပွဲဖြစ်သည်။ သွေးချင်းတို့ရခိုင်မြေမှာလည်း ဗုဒ္ဓပူဇနိယပွဲများ၌ ချောတိုင်တက်ပွဲမှာ မပါမဖြစ်ပွဲဖြစ်သည်။ ချောတိုင်တက်ပွဲကလည်း ဆိုင်းနှင့်ဝိုင်းနှင့်ဖြစ်၏။ အမြင့်ပေ ၃၀ ခန့်ရှိ ဖြောင့်ဖြောင့်တုတ်တုတ် ဝါးပိုးဝါးကြီးကို အမဲဆီ၊ ဝက်ဆီ များဖြင့် ချောမွတ်နေအောင် ကြိုတင်သုတ်လိမ်းထားသည်။ ထို ဝါးပိုးဝါးချောတိုင်ကြီးကို မြေပြန့်၌ မတ်စွာစိုက်ထူသည်။ ချောတိုင် တစ်လျှောက် ဆီမပြတ်ရွှဲနေရန် အဝတ်စများဖြင့် ဆီဆွတ်နိုင် အောင် ပြုလုပ်ထားသည့် လျှောကွင်းတစ်ခုကို ကြိုးဖြင့် ချောတိုင် ထိပ်ဖျားတွင် စက်သီးတပ်ကာ ဆင်ထားသည်။ ချောတိုင်ထိပ်၌ အချို့က အင်္ကျီ၊ လုံချည်၊ ထီလက်မှတ်၊ ထီး၊ ဖိနပ်၊ ခေါင်းလိမ်းဆီ ဗူး၊ ငွေစက္ကူစသည့်ပစ္စည်းများကို ဝါးကွင်းတွင် ချိတ်ဆွဲထားသည်။ အချို့ကမူ ချောတိုင်ထိပ်တွင် အောင်လံတံခွန်စိုက်ထူထားပြီး ထိုတံခွန်ရရှိပါက ဆုကြေးငွေ ဘယ်ရွေ့ဘယ်မျှဆိုတာ သတ်မှတ် ဆုချသည်။ နောက်ပိုင်းမှာတော့ အောင်လံတံခွန်နှင့် ဆုချသည့်ပုံစံ မျိုးပဲ ကျင်းပကြတာများသည်။
ချောတိုင်စိုက်ထူအပြီး မက်လောက်သည့် ဆုကြေးငွေ သို့မဟုတ် ပစ္စည်းများကို ပြသပြီးတာနှင့် ဆိုင်းဝိုင်းက ပရိသတ်ခေါ် ဆိုင်င်းဆော် တီးမှုတ်နေတော့၏။ စီစဉ်သူများက ဆီဆွတ်ထား သည့် အဝတ်များပါသော လျှောကွင်းကို ကြိုးဖြင့်ဆွဲကာဝါးပိုးတိုင် ကြီးကို ဆီရွှဲနေစေသည်။ ရပ်ကွက်ထဲရှိလူငယ်များ ခေါင်းချင်းဆိုင် ကြပြီ။ အိမ်၌ ရေသနုပ်၊ ရေလဲပုဆိုးဟောင်းတွေရှာပြီး ခါးတောင်း ကြိုက်ကြပြီ။ ဆီဖြင့်နစ်နေသော ချောတိုင်ကိုတက်ကြရမှာမို့ အပေါ်ပိုင်း အဝတ်ဗလာနှင့် အောက်ပိုင်းကို ပုဆိုးဟောင်းဖြင့် ခါး တောင်းကျိုက်ကြခြင်း ဖြစ်၏။ ချောတိုင်တက်မည့် လူငယ်လေး တွေက ပွဲစီစဉ်သူထဲ စာရင်းပေးကြပြီ။ ရပ်ကွက်ထဲက သို့မဟုတ် ဘုရားပွဲလာသူများကလည်း အားပေးကြဖို့ ရောက်လာကြ၏။ နေ အနည်းငယ်ချို၊ ပရိသတ်အားကောင်းလာချိန်၊ ဆိုင်းက ဗိန်းမောင်း သံပေး၊ ပတ်မကြီး တထီထီ ထုကာ ချောတိုင်တက်ပွဲ စတင် ကျင်းပတော့သည်။
တောင့်တင်းခိုင်မာသည့် ကိုယ်ခန္ဓာနှင့် ခါးတောင်း ကျိုက်ထားသော လူငယ်တစ်ဦး စတက်သည်။ ပထမတော့ တိုင်ခြေက စအတက် အားထုတ်သုံးကာ တိုက်ကိုဖက်၍ တက် သွားလိုက်ပုံက စွေ့ခနဲ၊ စွေ့ခနဲမို့ မကြာခင် တိုင်ထိပ်က အောင်လံ ရတော့မည့်အလား။ ပရိသတ်အားပေးသံက ဆိုင်းသံလွှမ်းအောင် ညံလာသည်။ အားကုန်ထုတ်သုံးလိုက်တာမို့ တိုင်၏ သုံးပုံနှစ်ပုံ လောက်အရောက် အနည်းငယ်နားကာ ခြေရောလက်ရောနှင့် တိုင်ကို ကျစ်နေအောင်ဖက်ထားသည်။ ပရိသတ်က လက်ခေါက် မှုတ်သံများဖြင့် အားပေး၏။ အားပေးသံကြောင့် ခြေသလုံးနှင့်ပေါင် ကို အားပြုပြီး ထပ်တက်သည်။ မဆိုး။ သုံးပေခန့်အပေါ်ရောက် သွားသည်။ နောက် သည်လို ၄ ကြိမ်လောက်အားထုတ်လိုက်လျှင် အောင်လံရပြီ။ ထို့ကြောင့် ခဏနားပြီး အားထည့်ကာ အပေါ်သို့ တက်၏။ တိုင်ထိပ်ကစီးကျနေသော ဝက်ဆီများက ရင်ခွင်တစ်ခု လုံး ရွှဲနေသည့်အပြင် ခေþးများကလည်း နစ်နေတော့ တိုင်ကို ကုတ်အားမရှိတော့။ မထိန်းနိုင်။ ပရိသတ်၏ ဟာခနဲ အာမေဋိတ် သံ ညံပြီ။ ဆိုင်းက ဗိန်းမောင်းနိုင်နိုင်ဖိတီးသည်။ ချောတိုင်တက်သူ လူငယ်က ဆက်မလျှောအောင် တိုင်ကိုဖက်ထားသည်။ ၁ မိနစ်၊ ၂ မိနစ်၊ ၃ မိနစ်။ ပရိသတ်က ထပ်ကြိုးစားတက်ဖို့ အားပေးသည်။ လူငယ်က တိုင်ကိုဖက်ထားရာက တိုင်ထိပ်အောင်လံဆီ မော့ကြည့်သည်။ အားတက်သွားပြီ။ ခြေဖဝါးနှစ်ဖက်နှင့် ချောတိုင် ကို ညှစ်၍အားထည့်ကာ ကုန်း၍ထသည်။ လွန့်၍တက်သည်။ ညှစ်၍ကိုယ်လုံးကို မယူဆွဲတင်သည်။ တစ်ကြိမ်။ နှစ်ကြိမ်။ မောလာပုံရ၏။ ခဏနားသည်။ ခေါင်းနှင့်ပင် ချောတိုင်ကိုမှီ၍ ပါးစပ်ဖြင့် အသက်ရှုနေရတာ မြင်ရပြီ။ ပရိသတ်ထဲမှာပင် အောက် ကကြည့်ရင်း ဒီလူငယ် အောင်လံ ရ၊ မရ ဆေးပေါ့လိပ်ကြေး အလောင်းအစားထပ်နေကြပြီ။ ဆိုင်းက စည်တို နာနာနှက်၏ လူငယ်က အသက်ဝအောင်ရှုပြီး ခြေဖဝါးနှစ်ဖက်အားကိုယူကာ အပေါ် ထပ်လွန့်သည်။ သည်တစ်ခါ အပေါ်မရောက်။ အားအစိုက် လက်ပန်းအကျ မထိန်းနိုင်တော့ဘဲ တိုင်ခြေအထိ ဒုတ်ဒုတ်ထိ လျောသွားလေသတည်း။ သည်အခါ ပရိသတ်က ဝါးခနဲရယ်ကြသံ နှင့်အတူ ဆိုင်းက ငိုချင်းဆိုင်းတီးပေးလိုက်တော့သည်။
နောက်ထပ်တက်မည့်လူငယ်အဖို့ ရှေ့လူသင်ခန်းစာ ယူပြီး ဖြည်းဖြည်းတက်သည်။ ပုဆိုးအပိုတစ်ထည်ဖြင့် ခြေနှစ်ဖက် ကို တိုင်နှင့်လိမ်၍နှောင်ကာ အားပြုတက်သည်။ ပရိသတ်က ရင်တမမ။ သူကတော့ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲထုံး နှလုံးမူကာ တိုင်ခြေ ကတည်းက ဖြည်းဖြည်းချင်းတက်သည်။ တိုင်အလယ်ရောက် သည်အထိ ပုံမှန်ပါပဲ။ သို့သော် တိုင်ဖျား ရောက်သည်နှင့် တိုင်၏လုံးပတ်က သွယ်သွားတော့ မနည်းတွယ် ဖက်ရတော့သည်။ တိုင်ထိပ်ရောက်လေ စက်ဆီများကရွှဲလေ။ သည်တော့ ၃ ပေတက်၊ ၆ ပေပြန်လျော။ နောက်ထပ် ၄ ပေတက်၊ ၃ ပေလျော။ သည်ဇွဲဖြင့် ပရိသတ် အသည်းတယားယားဖြစ်အောင် ကြိုးစားသည်။ ဆိုင်းအဖွဲ့ကပင် တီးလုံးတီးကွက်ထက် သူ့ကို မော့ကြည့်ကာ အသက်ရှုမှား၊ တီးကွက်မှားကုန်ကြသည်။ အောင် လံနှင့် လက်တစ်လှမ်းအကွာရောက်တော့ ပရိသတ်၏အားပေးသံ က ဘဝဂ်တိုင်ညံတော့၏။ နည်းနည်းအားစိုက်တက်ပြီး အောင်လံ ကို ဆွဲယူလို့ရပြီ။ ထပ်ပြီးအားစိုက်ဖို့ ပရိသတ်က အားပေးနေပြီ။ ဆိုင်းကလည်း အားဖြည့်ကာ ဗိန်းမောင်းတိုက်သည်။ ပရိသတ်က မချင့်မရဲဖြစ်နေ၏။ ချောတိုင်ပေါ်မှာ လူငယ်က တိုင်ကိုဖက်၍ ခြေကျင်းဝတ် ၂ ဖက်မှာ လိပ်ထားသောပုဆိုးဟောင်းဖြင့် ကုတ် အားယူဖို့ ဆနေသည်။ သေချာလောက်ပြီဟုယူဆပြီး အားယူကာ အပေါ်သို့ ခြေဖနောင့်ညှစ်အားဖြင့် တက်၏။ အပေါ်အားယူဖို့ ရင်အုပ်နှင့်ချောတိုင်အခွာမှာပဲ ဝက်ဆီနှင့် ခေþးစေးတို့ စီးကျသွား ကာ ခြေဖနောက်ကြား ချောဆီထည့်လိုက်သလိုအဖြစ် မထိန်းနိုင် ဘဲ တလဟော လျှောဆင်းသွားပါပကော။ သည်တစ်ခါလည်း မြေကြီးဒုတ်ဒုတ်ထိ။ ပရိသတ်၏ နှမြောတသ အာမေဋိတ်သံ ညံရပြန်ပြီ။ ဆိုင်းကလည်း ငိုချင်းသံ ခþဲခþဲပြစ်ပြစ်နှင့် အားပေးပြန် ပေါ့။ ပရိသတ်များ တက် တစ်ခေါက်ခေါက်။
ဤသို့ဖြင့် ချောတိုင်တက်ပွဲက “ရသ”မျိုးစုံပေးသည်။ နောက်တော့ ရပ်ကွက်ထဲကလူငယ်လေးတွေ တစ်ဦးတည်း မတက်တော့ဘဲ သုံးလေးယောက်စုကာ တစ်ယောက်ပုခုံးပေါ် တစ်ယောက်ထမ်းကာ တက်ကြပြန်၏။ သည်တစ်ခါလည်း ရင် တမမ။ သို့သော် ဟန်ချက်ညီအောင်မထိန်းနိုင်တော့ အားလုံး လျှောကျကြရပြန်သည်။
ဘုရားပွဲက ချောတိုင်တက်ပွဲများကိုကြည့်ရင်း ရင်ခုန် စိတ်လှုပ်ရှား၊ အားတက် စိတ်ပျက်ရသများသာမက ဘဝအတွက် ဆင်ခြင်ဖွယ်များလည်း ရနိုင်ပါ၏။ လောကဓံဟူသော ဆီအရွှဲသား နှင့် ဘဝဟူသော ချောတိုင်ကြီးတက်ရာတွင် ကနဦးအစ အားတက် လောက်ဖွယ် ခရီးရောက်နိုင်ငြား လောကဓံဟူသောချောဆီသာမ က ကာလံဒေသံ ပယောဂံဟူသော မိမိပြုဖွယ်၊ ပြုအပ်သော အကြောင်းတရားအမောဆိုက် ခေþးတို့ကလည်း လိုရာပန်းတိုင် မကိုင်နိုင်ဘဲ အောက်သို့လျှောကျစေဖို့ တွန်းအား၊ ဖိအားပေးခဲ့ပါ လား ဟူသည်ကိုလည်း ဆင်ခြင်ရပေ၏။ မိမိ ဘယ်လိုလုံ့လ၊ ဝီရိယ၊ ပညာဖြင့်အားစိုက်ပါငြား မမြင်ရသောလောကဓံများက လည်း လျှောကျစေပါလား။ မိမိပြုအပ်သော ကံ(အလုပ်)ကြောင့် လည်း နှောင့်နှေးစေပါလားဟူသည့် အတွေးများကိုလည်း ချော တိုင်တက်ပွဲကြည့်ရင် ရနိုင်သည်။
အများသူငါများစွာ တက်သွားပြီး ချောဆီလည်း ပါးလောက်သည့်အချိန် ရှေ့ရှေ့ကတက်သူများ၏အလုပ်ကို ဝေဖန်သုံးသပ်၍ စံနစ်တကျတက်၍ အောင်လံယူသွားသူလည်း ရှိ။ သို့တည်းမဟုတ် အများ စုပေါင်းကာ အပေးအယူတည့်စွာ ဆောင်ရွက်ပြီး အောင်လံယူ သွားကြသူများလည်းရှိသည်။ ဒါက ချောတိုင်တက်ပွဲ ဒဿနများ။
ဟော… အခုတော့ စံနစ်တကျ လေ့ကျင့် ပြင်ဆင်ထား ပြီး ဘုရားပွဲတကာမှာလှည့်၍ “ချောတိုင်တက်စား”သည့် ပရော် ဖက်ရှင်နယ်များပင် ရှိနေပြီတဲ့။ အစမှာတော့ သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ်ပုံမပေါက်အောင် သုံးချီ၊ သုံးခါ၌ နှစ်ချီလောက် လျှောချအရှုံးပေးယောင်ပြပြီး နောက်ဆုံးအချီရောက်မှ ဇွဲ၊ လုံ့လ အကျိုးဖြင့် အောင်လံရသယောင် သရုပ်ဆောင်ပြသတဲ့။ တကယ် အဟုတ်မှတ်ထင်ပြီး ပရိသတ် အားပေးသံညံမဆုံး။
နောက်ပိုငး ပရော်ဖက်ရှင်နယ်ဆိုတာ ပရိသတ်သိလာ ပြန်တော့ ချောတိုင်ပေါ်တင် မီးကွင်းကစားပြသတဲ့။ ကင်းမြီး ကောက် ထောင်ပြသတဲ့။ အံ့စရာအမျိုးမျိုး လုပ်ပြသတဲ့။ ဆိုင်းကို လည်း တီးလုံးတိုက်ထားပြီး သူ့ပြကွက်နှင့်လိုက်ဖက်ညီအောင် တီးလုံးတီးကွက်တွေနှင့် ဇာတ်ပို့ တီးပေးစေသတဲ့။ သည်လိုဆို တော့လည်း ပရိသတ်က ဖျော်ဖြေမှုအနေနှင့် အားပေးမဆုံး။
အခုတော့ ဘုရားပွဲတွေသာမက ကုမ္ပဏီမိတ်ဆုံစားပွဲ အထိ ချောတိုင်နှင့် ချောတိုင်တက်မင်းသားကို တစ်ပါတည်း ငှားပြီးဖျော်ဖြေ ဧည့်ခံနေကြပြီလေ။
သည်လိုဆိုတော့လည်း ဘဝဆိုတာ “ချောတိုင်တက် ပွဲ”လို့ သုံးနှုန်းပြောဆိုလို့ မရပြန်တော့ ဘဝဆိုတာ ကြိုတင် လေ့ကျင့် ဇာတ်တိုက်ထားတာမျိုးမှ မဟုတ်တာ…။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ချောတိုင်တက်ပွဲ